၂၅ ဇွန်
ဖွံ့ဖြိုးမှုဆိုသည့်စကားရပ်သည် ကျယ်ဝန်းနက်ရှိုင်းသလို ၎င်းနှင့်ဆက်စပ်နေသည့် ဖွံ့ဖြိုးမှုဖြစ်စဉ်များကို လေ့လာရာတွင် ဖြစ်စဉ် (၄) ရပ်ပါဝင်ပြီး တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆက်နွှယ်နေကြောင်း တွေ့ရပါသည်။ ၎င်းတို့မှာ-
(က)စီးပွားရေးဖြစ်စဉ်
(ခ)လူမှုရေးဖြစ်စဉ်
(ဂ)ယဉ်ကျေးမှုဖြစ်စဉ်
(ဃ)နိုင်ငံရေး/အုပ်ချုပ်ရေးဖြစ်စဉ် တို့ပင်ဖြစ်ပေသည်။
စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
မြို့ ပြများကိုကြည့်လျှင် ဘက်ပေါင်းစုံ စိန်ခေါ်မှုများရှိသလို အခွင့်အလမ်းပေါင်းများစွာက ကမ်းလှမ်းနေသလို ခံစားရပါသည်။ ဖြစ်စဉ်တစ်ခုနှင့်တစ်ခု ဆက်စပ်ပတ်သက်မှုအပေါ် အခြေခံကာ အဆိုပါဖြစ်စဉ် (၄) ရပ်အနက် ဖြစ်စဉ် တစ်ခုသည် ပြင်ပလောကနှင့် ထိတွေ့ပတ်သက်မှုကြောင့် ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ရာတွင် အနာဂတ်အတွက် အကျိုးမရှိနိုင်ခြင်း (သို့) ဖွံ့ဖြိုးမှုဖြစ်စဉ်ကောင်းတစ်ခု ပေါ်လာမည့် အခွင့်အလမ်းရရှိနိုင်ခြင်းတို့ကို ခွဲခြားသိမြင်တတ်ဖို့ လိုပေသည်။ ဖြစ်စဉ်တို့သည် လက်ရှိဘာဖြစ်နေသည်၊ ဘာကြောင့် ဖြစ်ရသည်၊ ဘယ်လိုဖြစ်သင့်သည်တို့အပေါ် အခြေခံကာ သဘာဝရုပ်ပတ်ဝန်းကျင်နှင့် သမိုင်းဖြစ်စဉ်များအရ သယံဇာတအားသာချက်၊ အားနည်းချက်များကို မှန်မှန်ကန်ကန် သတ်မှတ်ပြီး အကောင်အထည်ဖော်မည့် နည်းလမ်း၊ အချိန်၊ အကျိုးအမြတ်၊ ကုန်ကျတန်ဖိုးတို့ကို တွက်ချက်နှိုင်းယှဉ် ရပါမည်။
ဆောင်ရွက်မည့် နည်းလမ်းအတွက် နိုင်ငံရေးအတည်ပြုချက်၊ ဦးစားပေးအစီအစဉ်နှင့် လူ၊ ပစ္စည်း၊ ငွေ၊ စီမံခန့်ခွဲမှု တို့ကိုလျာထား၍ တစ်ချိန်တည်းမှာပင် စီမံခန့်ခွဲမှုနည်းစနစ်နှင့် အစီအစဉ်အတည်ပြုချက်ကိုရယူကာ ဆုပေး၊ ဒဏ်ပေးစနစ်သတ်မှတ်ခြင်း၊ စိစစ်ခြင်း၊ ပြန်လည်အစီရင်ခံခြင်း၊ လိုအပ်လျှင် စီမံကိန်းပြင်ဆင်ခြင်းတို့ကို သတ္တိရှိရှိဆုံးဖြတ်ဖို့ လိုပေသည်။ အလားအလာကို အထင်နှင့်လုပ်ခြင်း၊ အခြားဒေသများတွင် အလားအလာပိုရှိခြင်း၊ တွက်ခြေကိုက်ခြင်းတို့ကို အဓိကထား ဦးစားပေးရမည့်အပြင် မြို့ ပြဖြစ်ထွန်းမှုကြောင့် စီးပွားရေးနှင့် လူ့အသိုက်အဝန်းများအပေါ်လူတို့၏ ဘဝနေထိုင်မှုတန်ဖိုးများ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေ သည်ကိုလည်း နားလည်ရပါမည်။
ယခုအခါတွင် ကမ္ဘာလုံးဆိုင်ရာ မြို့ ပြညီလာခံတွင်ချမှတ်ခဲ့သည့် မြို့ ပြလုပ်ငန်းစဉ်သစ်နှင့်အညီ “ အမျိုးသား မြို့ ပြမူဝါဒရေးဆွဲရေးကော်မတီ” ကို ဖွဲ့စည်းနေပြီဖြစ်သော်လည်း တကယ်တော့ လွန်ခဲ့ပြီးသော ၁၉၉၃ ခုနှစ်ကပင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်ပိုရေးရှင်းဌာနချုပ်တွင် ကျင်းပခဲ့သည့် ESCAP အဖွဲ့ဝင်နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အခြားအစိုးရ မဟုတ်သော အဖွဲ့အစည်းပေါင်း ၁၉ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် ပထမအကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဝန်ကြီးများအဆင့် “မြို့ပြကြီးထွားမှုဆိုင်ရာညီလာခံ” မှ အောက်ပါအတိုင်း သုံးသပ်ခဲ့ကြပါသည်-
(က)မြို့ပြများကြီးထွားခြင်းသည် ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်သော ဖွံ့ဖြိုးမှုဖြစ်စဉ် တစ်ခုဖြစ်ခြင်းကြောင့် မြို့ပြဆိုင်ရာ မူဝါဒအသစ်ဖြင့် မြို့ပြကြီးထွားလာမှုဆိုင်ရာ ကိစ္စရပ်များကို ဘက်စုံ၊ ရှုထောင့်စုံမှ ဖြေရှင်းဆောင်ရွက်သည့် နည်းလမ်းသစ်တစ်ခု ချမှတ်ရန်။
(ခ)ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေကာ အမြဲရှင်သန် ဖွံ့ဖြိုးစေမည့် မြို့ ပြဒေသများ ပေါ်ပေါက်လာစေရန်။
(ဂ)မြို့ပြကြီးထွားလာမှု အခြေအနေကို သုံးသပ်ခြင်း၊ မြို့ပြများ၏ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုအခြေအနေ၊ မြို့ပြအတွင်း ဆင်းရဲမွဲတေမှု၊ အခြေခံအဆောက်အအုံများအတွက် ငွေကြေးကျခံနိုင်မှု၊ မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ရပ်တည်မှု၊ အကောင်အထည်ဖော်နိုင်မှုတို့ကို အဓိကထား၍ သုံးသပ်ဆွေးနွေးခဲ့ကြ ပါသည်။
ထို့အပြင် အာရှဒေသရှိ မြို့ကြီးများတွင် မြို့ပြမြေယာအိမ်ရာနှင့် အခြေခံဝန်ဆောင်မှုများ ရှားပါးလာခြင်းကြောင့် လူဦးရေထူထပ်လာခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းလာခြင်း၊ ကျူးကျော်နှင့် စနစ်တကျ တည်ဆောက်ထားခြင်းမရှိသည့် ရပ်ကွက်များ ပိုမိုများပြားလာပြီး တောင်အာရှနှင့် အရှေ့တောင်အာရှရှိ မဟာမြို့ ကြီးများတွင်ပင် မြို့နေလူဦးရေ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ နိမ့်ကျသည့်အိမ်ရာများတွင် နေထိုင်နေကြောင်း သုံးသပ်ခဲ့ကြပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း လူဦးရေ သန်းထောင်ပေါင်း ၁ ဒသမ ၅ သန်းခန့် နေထိုင်ကြမည်ဟူသော ခန့်မှန်းချက်ဖြင့် လူဦးရေ ၁၄၀ဝ၀ဝ၀ ခန့်ရှိ မြို့ကြီးတစ်မြို့ နေ့စဉ် တိုးပွားနိုင်ကြောင်းနှင့် ဒေသအတွင်းရှိ ဝင်ငွေအနည်းဆုံးနိုင်ငံများတွင် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း သုံးသပ်ချက် အတိုင်းကြုံတွေ့နေရပြီ ဖြစ်ပေသည်။
လိုက်လျောညီထွေမှုရှိသော ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း
မျက်မှောက်ကာလတွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စီမံကိန်းများသည် သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုနည်းပါးပြီး အမျိုးသားကဏ္ဍအလိုက် စီမံကိန်းကို ခွဲယူ၍ ဆောင်ရွက်နေခြင်းမျိုးဖြစ်နေရာ သက်ဆိုင်ရာဒေသ၏ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိပြီး လိုအပ်ချက်အရ ရေးဆွဲသည့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမျိုး ဖြစ်ရပါမည်။ အထူးသဖြင့် စီးပွားရေးအရ လူနေမြို့ ရွာပုံသဏ္ဌာန် ပြောင်းလဲ၍၊ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုသော လူနေမြို့ရွာ ပြန့်ပြူးမှုကို ဆောင်ရွက်နေသည့်နေရာတွင် တောနှင့်မြို့ တစ်ဆက်တစ်စပ်တည်းပုံစံမျိုး အပြန်အလှန်အကျိုးပြုသော ဒေသဖွံ့ဖြိုးရေး ပုံသ္ဌာန်ဖြစ်ရေးကို အလေးထားစဉ်းစား ရပါမည်။
စီးပွားရေးမူဝါဒပါ “သဘာဝပတ်ဝန်းကျင်များကို ရေရှည် ထိန်းသိမ်းနိုင်ရေး လိုက်လျောညီထွေဖြစ်စေမည့် မြို့ ပြများတည်ထောင်ခြင်း”အပြင် ပြည်သှူဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်၍ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ တိုးချဲ့ဖော်ထုတ်ကာ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမို ထိန်းသိမ်းစောင့်ရှောက်သွားပြီး ဆင်းရဲမွဲတေမှုလျှော့ချရေးတွင်လည်း ကျေးလက်နှင့်မြို့ပြ ကွာဟမှုရှိနေဆဲဖြစ်၍၊ အထူးသဖြင့် ရွှေ့ပြောင်းသွားလာခြင်းသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သတိပြုဖို့လိုပေသည်။
သို့ဖြစ်ရာ လူနေမှုဘဝ လိုအပ်ချက်မျိုးစုံကို ရောနှောထားသည့် မြေအသုံးပြုမှုစနစ်၊ ရောနှောပေါင်းစပ်ထားသည့် လူမှုပတ်ဝန်းကျင်နှင့် သင့်တော်သည့် လူဦးရေသိပ်သည်းမှုရရှိစေမည့် ကျစ်လျစ်သော မြို့ ပြပုံစံဖြစ်ရပါမည်။ ထိုသို့မဟုတ်ဘဲ အစီအစဉ်မကျသည့် ပြန့်ကားမှုဖြစ်နေပါက ရင်းနှီးမြှုပ်နှံမှုတွင် ပိုမိုကုန်ကျမည်ကို အလေးထားစဉ်းစားရပါတော့မည်။ တစ်ဆက်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ရာတွင်လည်း ရေရှည်တည်တံ့မှုကိုဦးတည်ကာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက်ပါ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများမှ ပေးအပ်လာမည့် ဘဏ္ဍာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများကို အပြည့်အဝ အသုံးချရပါမည်။ ထို့အပြင် စီမံကိန်းတစ်ခုအပေါ် ဆန်းစစ်အကဲဖြတ်ရာတွင်လည်း အဆိုပါစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှ စီးပွားရေးနှင့် ငွေကြေးပြန်လည်ရရှိမှုနှုန်းကို သေချာစွာ စိစစ်တွက်ချက်ရပါမည်။ တစ်ခါတစ်ရံ ယခင်က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ရန်အတွက် ဖြစ်နိုင်ခြေရှိသည့် ဈေးကွက်၊ နည်းပညာ၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ ကြိုတင်လေ့လာဆန်းစစ်ခြင်းကို မဖြစ်မနေ ပြုလုပ်ဖို့လိုပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) နှင့် ချိတ်ဆက်မှုရှိသည့် ကျပ်သန်း ၂၀ဝ၀ နှင့်အထက် (ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများမဟုတ်)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့အစည်းများက ရေးဆွဲ ထားသည့် မဟာဗျူဟာမြောက်လုပ်ငန်းစီမံကိန်းများကို အများပြည်သူများ ဝင်ရောက် ကြည့်ရှုအသုံးပြုနိုင်သော ဝက်ဘ်အခြေခံဒေတာ အဆောက်အအုံ(သို့) စီမံကိန်း အချက်အလက်များ သိုမှီးထားသည့် စီမံကိန်းဘဏ်သို့ ထည့်သွင်းရပါတော့မည်။
မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက်၊ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စီမံကိန်းများရှိ သော်လည်း အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအောက်တွင် ပေါင်းစည်းဆောင်ရွက်နိုင်မှသာ တိုင်းပြည်အတွက် စစ်မှန်သည့်ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေကာ ရေရှည်တည်တံ့ရေးနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရေးကို အထူးအလေးထားဆောင်ရွက်ရမည့် အချိန်အခါပင်ဖြစ်ပါသည်။
သို့ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ မြို့ပြညီလာခံမှ ချမှတ်ခဲ့သည့် မြို့ပြလုပ်ငန်းစဉ်သစ်နှင့်အညီ “အမျိုးသားမြို့ ပြမူဝါဒ” (National Urban Policy - NUP) ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းကာ နိုင်ငံအစိုးရ၏ စီးပွားရေးမူဝါဒ အမှတ်စဉ် (၉)၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့် MSDP မှာ ပါဝင်သည့် ပန်းတိုင်နှင့် ရည်မှန်းချက်များကို ဖော်ညွှန်းထားသည့် လုပ်ငန်းစဉ်များကိုပါ ပေါင်းစပ်ညှိနှိုင်းပေးတော့မည် ဖြစ်သဖြင့် ထပ်တူကျမှုများ ရှောင်ရှားနိုင်ရေး၊ ဦးစားပေးကဏ္ဍများကို ပေါင်းစပ်ပါဝင်နိုင်ရေး၊ ဝန်ကြီးဌာနများနှင့် အကျိုးသက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးနိုင်ရေး၊ အခွင့်အလမ်းများနှင့် ဘေးအန္တရာယ်များအပေါ် ပြန်လည်သုံးသပ် အထောက်အကူပေးနိုင်ရေးအပြင် Technical Expert များအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏ဆွေးနွေးခြင်း၊ အကြံပြုချက်များ ရယူခြင်းနှင့် မှတ်တမ်းများ၊ အစီရင်ခံစာများကို ထုတ်ပြန်နိုင်တော့မည် ဖြစ်ပါသည်။ နောင်တွင် ဗဟိုအစိုးရအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအားလုံး၏ အဆိုပြုစီမံကိန်းများသည် MSDP နှင့် မဟာဗျူဟာကျကျ ကိုက်ညီမှု ရှိ/မရှိ စိစစ်သုံးသပ်ကာ MSDP ၏ လွှမ်းခြုံမှုအောက်တွင် ပြည်သူရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပြီး အများပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သော ဝက်ဘ်အခြေခံစီမံကိန်း အချက်အလက်များကို ထည့်သွင်းထားမည် ဖြစ်ပါသည်။
ပြိုင်တူတွန်းကြရမည့် ရေရှည်ဆောင်ရွက်ချက်များMSDP ၏ အချို့သော လုပ်ငန်းများမှာ လအနည်းငယ်အတွင်း ပြီးမြောက်နိုင်သော်လည်း အချို့မှာနှစ်ကာလကြာအောင် အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း ပါဝင်ပြီး အချို့မှာပြီးသွားသည့်တိုင် ဆက်လက်ထပ်မံ ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းများလည်း ရှိလာနိုင် ပါသည်။ MSDP ကို မဏ္ဍိုင် သုံးရပ်၊ ပန်းတိုင် ငါးခု၊ မဟာ ဗျူဟာ ၂၈ ခုနှင့် လုပ်ငန်းအစီအစဉ် ၂၅၁ ခု တို့ဖြင့် တည်ဆောက်ထားပြီး ဖွံ့ဖြိုးရေးစိန်ခေါ်မှုများကို ဖြေရှင်းနိုင်သော လုပ်ငန်းစဉ်များပါဝင်သည့် အမြဲတမ်းဆက်လက် ပြင်ဆင်မွမ်းမံသွားမည့် စာတမ်းတစ်ခုအဖြစ် ရည်ရွယ်ကာ လက်ရှိအကောင်အထည်ဖော်ဆဲနှင့် ရေးဆွဲလျက်ရှိသည့် ကဏ္ဍနှင့် ဦးတည်ချက်များအလိုက် စီမံကိန်းနှင့် မူဝါဒများ အပေါ်အခြေခံ၍ MSDP ကို ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ လုပ်ပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များကို အချိုးညီညီ အားလုံးနားလည်လက်ခံနိုင်သည်အထိ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကာ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ပြိုင်တူတွန်းလျှင် ရွေ့နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
မင်သိမ်း(နေပြည်တော်)