ဝ ထ က လ သ (န တ လ)
နှစ်စဉ်ဒီအချိန်ရောက်တိုင်း ကြားနေကျ နွေဂီတသံစဉ်မှာ “ဒီနှစ် တော်တော်ပူတယ်” ဟုပင်။
ကဆုန်လသည် မြန်မာလများတွင် ဒုတိယလဖြစ်၍ နွေဥတုတွင် ပါဝင်သည်။ နွေရာသီ၏ ဗဟိုချက်မ အလယ်လဖြစ်ရကား “ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်” ဆိုသကဲ့သို့ အပူရှိန်လွန်ကဲသောလ ဖြစ်ပေ၏။ ကဆုန်လ၏ အပူဟုန်ပြင်းပြမှုကြောင့် အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်၊ ချောင်း၊ ရေနုတ်မြောင်းတို့ ရေခန်း၍ ခြောက်သယောင်းကုန်ကြ၏။ ပြီးခဲ့သည့် တန်ခူးလက ဖက်ဆွတ်မိုး ရွာခဲ့သေးသည်။ မိုးကြောင့် ခေါင်းပြူထွက်လာသော မြက်နု၊ ရွက်နုများသည် နွေအပူစက်ရိပ် အောက်တွင် ညှိုးနွမ်းပျော့ခွေသွားကြရပါသည်။ မိုးဒေဝါကလည်း ငြိမ်ငြိမ်မနေ၊ နေမင်းကို ခြိမ်းခြောက်၏၊ ကြိမ်းမောင်း၏။ မိုးနံ့လွှတ်၍ သတိပေး၏။ မိုးမရွာသော်လည်း မြေသင်းရနံ့တို့ကား တပျံ့ပျံ့မွှေးနေ၏။ ထို့ကြောင့် ရှေးတောင်သူဦးကြီးများက “ကဆုန်အတွင်း၊ မြေသင်း ပျံ့ပျံ့၊ မိုးနှံ့နှံ့” ဟု မှတ်တမ်းပြုခဲ့ကြပါသည်။
ပူနွေးလာသော ကမ္ဘာမြေ
အစွန်းရောက် ရာသီဥတုများနှင့်အတူ ကမ္ဘာကြီးသည် တဖြည်းဖြည်း ပူနွေးလာသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ပုံမှန်ဖြစ်နေကျ ရာသီအခြေအနေမှ သွေဖည်လာမှုကြောင့်ပင်ဖြစ် ပါသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့် ရက်များ တိုလာ၏။ အချို့နေရာများတွင် မိုးခေါင်သည့်ကာလ ရှည်လျားလာနေသည်။ မုန်တိုင်းများ၏ ပြင်းထန်မှုအား သိသာစွာပိုလာသည်။ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာနေသည်။ ရာသီဥတုပြောင်းလဲမှုများသည် လူသားတို့အတွက် အန္တရာယ် အကြီးဆုံး စိန်ခေါ်မှုပင် ဖြစ်ပါ၏။ အပူချိန်မြင့်တက်မှုကြောင့် မိုးရွာသွန်းမှု နည်းပါးလာပါသည်။ မြေပေါ်၊ မြေအောက်ရေများ ရှားပါးလာပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအားလျှပ်စစ်နှင့် သောက်သုံးရေရရှိရေးတို့ကို ထိခိုက်ခဲ့ပေပြီ။ အပူဒဏ်ကြောင့် သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များမှာလည်း ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ကြရပေသည်။
မတိုးမလျော့သော ရေပမာဏ
ပညာရှင်များကမူ “ကမ္ဘာကြီး၏ မြေပေါ်၊ မြေအောက်ရှိ ရေပမာဏ သည် အပြောင်းအလဲ မရှိ၊ တစ်သမတ်တည်း တည်နေ၏။ ကမ္ဘာပေါ် တွင် လူဖြစ်ပေါ်စဉ်ကစ၍ရှိသော ရေပမာဏနှင့် ယခုလက်ရှိရေ ပမာဏသည် အတူတူပင် ဖြစ်သည်။ လျော့အောင်လုပ်၍ မရသကဲ့သို့ ပိုများအောင်လည်း ဖန်တီးယူ၍မရ။ မိုးအဖြစ်ရွာကျလာသော ရေများ သည် ကမ္ဘာ့မျက်နှာပြင်မှ အငွေ့ပျံတက်သွားသောရေများသာ ဖြစ်သည်။ အသစ်တိုးလာသော ရေများမဟုတ်” ဟု ဆိုကြသည်။
ကမ္ဘာပေါ်ရှိရေပမာဏ မတိုးမလျော့ ပုံသေရှိသည်ဆိုငြားသော် လည်း လူဦးရေတိုးလာသောအခါ တစ်ဦးချင်းစီအတွက် ရနိုင်သော ရေပမာဏမှာ ယုတ်လျော့လာလေသည်။ ထို့ကြောင့် လူဦးရေတိုးလာ ခြင်းနှင့်အတူ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရေအသုံးပြုမှု ပိုလာသည့် ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုများက ထပ်ဆင့်လိုက်သောအခါ ရေကောင်း၊ ရေသန့် အလုံအလောက်ရရှိရန် ခက်သည်ထက် ခက်လာခဲ့ပေပြီ။
မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်များ
စာရေးသူတို့ မြန်မာနိုင်ငံသည် ရေအရင်းအမြစ် (Water Reso-urces) အလွန်ကြွယ်ဝသောနိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့ရေပေါသောဒေသ များတွင် ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ပါဝင်ပါသည်။ နိုင်ငံတစ်ဝန်း၌ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းကဲ့သို့ ပင်မမြစ်ကြီးများ၊ မြစ်လက်တက်များနှင့် မြစ်ခွဲများမှာ စုစုပေါင်း ၁၂၀ ကျော်ပင်ရှိကြောင်း သိရပါသည်။ အာရှတိုက်တစ်ခုလုံး၌ ရှိသမျှ ရေချိုအရင်းအမြစ်၏ ၁၂ ပုံ ၁ ပုံ သည် မြန်မာပြည်တွင်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
မည်သို့ပင်ဆိုစေကာမူ ရေရှားပါးသည့်ဒေသများမှာ ရေရှားပါးမြဲပင် ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဇုန်တိုင်းဒေသကြီး သုံးခုဖြစ် သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နွေရာသီ၌ သောက်စရာ ရေပြတ်လပ်မှု အမြဲကြုံနေရ ၏။ မြေအောက်ရေကို အနက်ပေ ၆၀၀ မှ ၁၀၀၀ အတွင်း တူးကြရပါ သည်။ သို့သော် နေရာတိုင်းတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲ၍ မရခဲ့။ ရေရရှိရန် မသေချာခဲ့။ ရွှေကိုမလို၊ ငွေကိုမလို၊ ရေကိုသာလိုသော ဒေသများပင် ဖြစ်သည်။
ထိုနည်းအတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေငန်များ ပတ်ပတ်လည်ဝိုင်းနေပြီး မြေအောက်ရေ မရနိုင်သော ခရမ်း၊ သုံးခွနှင့် ကော့မှူးတို့သည်လည်း နှစ်စဉ်နွေရာသီရောက်လေတိုင်း ရေပြဿနာ ကြုံတွေ့နေရဆဲဖြစ်ပါသည်။
စာရေးသူတို့ ငယ်စဉ်အချိန် တာဝန်အရ တိုင်းရင်းသားဒေသများသို့ တောအနှံ့၊ တောင်အနှံ့ ရောက်ခဲ့၊ ခြေဆန့်ခဲ့ဖူးပါသည်။ ထိုအချိန်က တောင်ထိပ်ရှိကျေးရွာများ၌ပင် သဘာဝရေ အလွန်ပေါများခဲ့သည်။ လုံလောက်ခဲ့သည်။ အလျှံအပယ်ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးဆိုလျှင် တစ်ချိန်က ရေအရင်းအမြစ် အလွန် ပေါများလှသည့်ဒေသများ ဖြစ်သည်။ ရေထွက်များမှ ရေထွက်ကြ သည်။ ကျောက်ကြို၊ ကျောက်ကြားများထဲကပင် ရေများ စိမ့်ထွက်နေ ကြသည်။ စိမ့်ထွက်လာသောရေများ စုပေါင်း၍ ချောင်းများအဖြစ် စီးဆင်းကြသည်။ ယခုမူ ထိုသဘာဝရေထွက်များပင်လျှင် ရေထွက်မှု နည်းပါးခဲ့ပေပြီ။ အချို့နေရာများရှိ နှစ်ပေါက်စီးသောချောင်းများပင် နှစ်ပေါက်မစီးသောအခြေအနေကို ရောက်ခဲ့ပေပြီ။ သဘာဝပတ်ဝန်း ကျင် ပျက်စီးမှုများနှင့်အတူ မြေပေါ်ရေများ ခန်းခြောက်ခဲ့ပေပြီ။
မြေအောက်ရေအောင်းလွှာအား ရေဖြည့်ပေးနိုင်မှု နည်းခဲ့ပေပြီ။
ထို့ကြောင့် နိုင်ငံအတွင်းတွင် Water Resources Management (ရေအရင်းအမြစ်စီမံခန့်ခွဲမှု) ဆောင်ရွက်ပေးရန် များစွာအရေးကြီး လှပါသည်။
သဘာဝတရားကို အန်တုကြမည်
“သဘာဝတရားကို အမိန့်ပေးလို့ မရဘူး၊ သူ့အမိန့်ကိုသာ နာခံရတယ်” ဟုဆိုသော်ငြားလည်း မိမိတို့ဘဝများ ရှင်သန်လည်ပတ်နိုင်ဖို့ သဘာဝတရားကြီးကို အန်တုကြရပေမည်။ လှပသော ကမ္ဘာမြေ၏ ဖွဲ့စည်းပုံစနစ်ကို အကောင်းဆုံးပြင်ဆင်ကြရပေမည်။
လူသားတို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် “တောင်ကြီးဖဝါးအောက် ရောက်ရမည်၊ လှိုင်းကြီးလှေအောက် ရောက်ရမည်၊ တောင်တွေ့လျှင် လမ်းဖောက်ရမည်၊ မြစ်ချောင်းတို့ကို တံတားထိုး၍ ဖြတ်ကျော်ရမည်၊ သောက်သုံးရေ ရှားပါးသော ဒေသများကို ရေဖူလုံအောင် စီမံဆောင်ရွက်ပေးရပါမည်၊ စိုက်ပျိုးရေရှားပါးသော ဒေသများကို စိုက်ပျိုးရေဖူလုံအောင် ဆောင်ရွက်ပေးကြရပေမည်။”
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရေရရှိရေးဆောင်ရွက်ပေးမှုများ
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာ ရေရရှိရေးလုပ်ငန်းများဖြစ်သော သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးတို့လည်း ပါဝင်ပါသည်။
နယ်စပ်ဒေသများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သောက်သုံးရေရရှိရေး လုပ်ငန်းများအား ဒေသ၏ လိုအပ်ချက်အပေါ် မူတည်၍ ဆည်များ၊ လျှိုပိတ်တမံများ၊ စိမ့်စမ်းရေ သွယ်ယူခြင်းများ၊ အုတ်ရေကန်များ၊ မြေသားရေကန်များ၊ မိုးရေလှောင်ကန်များ၊ ရေစုကန်များ၊ စက်ရေတွင်း (တွင်းတိမ်) များ၊ အဝီစိစက်ရေတွင်း(တွင်းနက်)များ တူးဖော်ပေးခြင်း၊ ရေစက်ရုံများ တည်ဆောက်ပေးခြင်းနှင့် ဖိုက်ဘာရေတိုင်ကီများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအနေဖြင့်လည်း ဆည်များတည်ဆောက်ပေးခြင်း၊ စိုက်ပျိုးရေ သွယ်ယူပေးခြင်းနှင့် ရေနုတ်မြောင်း များ တည်ဆောက်ပေးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယခုအခါ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဆိုလာစွမ်းအင်ဖြင့် ချောင်းရေတင်၍ စိုက်ပျိုးရေ ပေးဝေရေးလုပ်ငန်းများကို ကနဦး ရှေ့ပြေးစီမံချက်များ (Pilot Project) အနေဖြင့် ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။
၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လအထိ ဆောင်ရွက်ပေးခဲ့သော ရေရရှိရေးလုပ်ငန်းများအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် ၁၉၈၅၅ ဒသမ ၇၈၉ သန်း သုံးစွဲခဲ့ပြီး ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေ ရရှိရေးလုပ်ငန်းများ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကလိန်ခြေရွာ၊ ကျောင်းရွာ၊ ကျည်းပင်ခွရွာ၊ ကျောက်ပန်းတောင်းမြို့နယ် ဇလင်းတောင်ကျေးရွာ အုပ်စု၊ လယ်ယားတောင်ကျေးရွာအုပ်စုနှင့် တွင်းဖြူကျေးရွာအုပ်စု၊ ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စုတို့တွင် မြေသားသောက်ရေကန် များ တူးဖော်ပေးခဲ့ပါသည်။
ငါ့သရောက်မြို့နယ် တောပြားကျေးရွာ၊ ဝက်လူးကျေးရွာ၊ တောင်ဇင်းကျေးရွာအုပ်စု မကျည်းစောက်ကျေးရွာ၊ ပျော်ဘွယ်မြို့နယ်ရှိ ပန်းအိုင်လှကျေးရွာနှင့် အေးသာယာကျေးရွာ၊ သာစည်မြို့နယ်ရှိ သစ္စာပန်မိုးကုတ်ရိပ်သာ ကျောင်းတိုက်တို့တွင် အဝီစိရေတွင်း (ရေနက် တွင်း)၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေစုကန်နှင့် ရေစက်ရုံများကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာတွင် ရေကန်ဟောင်းများ ပြုပြင်ပေးခြင်းအပြင် ရေပိုမိုသိုလှောင်နိုင်ရန် ကင်းတားဆည်မြောင်းမှတစ်ဆင့် ရေသိုလှောင်ကန်အတွင်းသို့ ဆည်ရေတင်ယူရာတွင် လိုအပ်သော 50 KVA Transformer အသစ် တစ်လုံးနှင့် 11 KV လိုင်းကြိုးသွယ်တန်း ခြင်းလုပ်ငန်းများကိုလည်း ဆက်စပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ဂွေးပင်လေး၊ တုံရွာ၊ လင်းတကိုင်း၊ ဆင်က၊ ကုန်းကြီး၊ ကတောက်ကျောင်း၊ ကံသစ်ကုန်း ကျေးရွာတို့တွင် မြေသားရေကန်နှင့် အဝီစိရေတွင်း (ရေနက်တွင်း) တူးဖော်ခြင်းနှင့် တမံများ တည်ဆောက်ပေးခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်များ၊ ရေစက်ရုံများနှင့် တမံများ တည်ဆောက်ပေး ခြင်းတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မကွေးမြို့နယ် မကွေးအခြေခံ ကျန်းမာရေးတက္ကသိုလ်၊ ကြို့ပင် အင်းကျေးရွာနှင့် ဆူးကောက်စမ်း ကျန်းမာရေးဌာနခွဲ၊ မြင်စိုင်းကျေးရွာ တို့တွင်လည်း အဝီစိရေတွင်းများ၊ အုတ်ရေစုကန်များ၊ ရေစက်ရုံများ တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ်ရေခက်ခဲမှု ကြုံတွေ့နေရသည့် သုံးခွမြို့နယ်ရှိ အနောက်တံခွန်တိုင်ကျေးရွာ၊ အိဿယျကျေးရွာ၊ လက်ပန်ကျေးရွာ၊ လသာကုန်းကျေးရွာ၊ တမံကြီးကျေးရွာ၊ ကျွဲခိုကန် ကျေးရွာနှင့် သခွတ်ကုန်းကျေးရွာတို့အတွက် သောက်သုံးရေကန် ခုနစ်ကန်တူးဖော်ခြင်းနှင့် ထိုရေကန်များအား ခြံစည်းရိုးကာရံခြင်း၊ ရေတုံကင် ပြုလုပ်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံ များကို ပျော်ရွှင်စေခဲ့ပါသည်။
ထို့ပြင် ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အမှတ်(၂) ရပ်ကွက်တွင် တည်ရှိသော မြကျွန်းသာရေကန်အား ထပ်မံပြင်ဆင်ပေးပြီး ရေချို ထိန်းသိမ်းရေးကို များစွာအထောက်အကူ ဖြစ်စေခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူမြို့နယ် ညောင်ပင်လှကျေးရွာ၊ ပဲခူးမြို့နယ် ပျဉ်ပုံကြီးဒေသ၊ စမ်းကြီးကုန်း၊ လေးအိမ်စုနှင့် ကိုင်းတာ ကြီးကျေးရွာတို့တွင် စက်ရေတွင်းများ၊ ရေစုကန်များနှင့် ရေစက်ရုံများ တည်ဆောက်ပေးခြင်း စသည့်သောက်သုံးရေရရှိရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
စိုက်ပျိုးမြေကြွယ်ဝရေး
နိုင်ငံတစ်နိုင်ငံ၏ စိုက်ပျိုးနိုင်သောမြေများသည် ထိုနိုင်ငံ၏ ရိက္ခာ ကြွယ်ဝမှုကိုဖော်ပြသော သင်္ကေတပင်ဖြစ်ပါသည်။ ဘဝရှင်သန်ဖို့နှင့် အရာရာဖွံ့ဖြိုးဖို့အတွက် လယ်ယာမြေဧရိယာများသည် အခြေခံကျလှ ၏။
ယခုအခါ ရေခက်ခဲမှုသည် စိုက်ပျိုးမြေဧရိယာကို ခြိမ်းခြောက် နေကြပေပြီ။ သစ်တောပြုန်းတီးခြင်း၊ မြေဆီလွှာပြုန်းတီးခြင်း၊ ခေတ်ပေါ်စိုက်ပျိုးရေး ဓာတုပစ္စည်းများကို အားထားလွန်းခြင်းတို့ ကြောင့် စိုက်ပျိုးမြေများ အရည်အသွေးကျဆင်းလာပေပြီ။
ဧရိယာတစ်ခုတည်းတွင် သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးခြင်း သည် ဂေဟဗေဒစနစ်နှင့် တောင်သူတို့၏ စီးပွားရေးကို ထိခိုက်စေ သည်။ ထို့ကြောင့် စိုက်ပျိုးမြေများတွင် ရာသီအလိုက်သီးနှံများဖြင့် အမြဲစိမ်းလန်းစိုပြည်နေသင့်ပေသည်။ သီးနှံမျိုးစုံ စိုက်ပျိုးခြင်းကြောင့် ပိုးမွှားကျရောက်မှုလည်း နည်းစေပြီး ဇီဝမျိုးနွယ်စုံကို ထိန်းသိမ်းနိုင် ကြောင်း ပညာရှင်များက ဆိုကြပါသည်။ မြေရှိပါက ရေရှိရန်လည်းလိုပါသည်။ ရေကို အချိန်မရွေး အလွယ်တကူရရှိနိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်သည်။
ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် “ဒေသဖွံ့ဖြိုးရေးအတွက် ကျိုင်းတုံမြို့နယ်၊ နမ့်ခင် ချောင်းနှင့် မိုင်းခတ်မြို့နယ်၊ နမ့်လွေချောင်းဘေး ဝဲ/ယာတို့တွင် နေရောင်ခြည်စွမ်းအင်သုံး Solar စနစ်ဖြင့် ရေတင်၍ ချောင်း တစ်လျှောက် ဝဲ/ယာ တစ်ကီလိုမီတာ ပတ်ဝန်းကျင်အတွင်း ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဒေသစံပြစိုက်ခင်းများဖြစ်အောင် ဆောင်ရွက်ပေးရန်” လမ်းညွှန်မှာကြားခဲ့သည်။ ရေကိုအကျိုးရှိစွာ သုံးစွဲရေး စေတနာလမ်းညွှန်ချက်ပင် ဖြစ်သည်။
နတလ၏ Solar စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများ Pilot Project
ခရီးမည်မျှဝေးကွာသည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ ပထမဆုံးခြေလှမ်းသည် အရေးအကြီးဆုံးဖြစ်သည်။ “နတလ”သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် စိုက်ပျိုးရေ ပေးဝေရေးလုပ်ငန်းအတွက် ပထမဆုံးခြေလှမ်းကို အောင်မြင်စွာစတင်နိုင်ခဲ့ပေပြီ။
ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာအုပ်စု ဟိုခို ကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ် (၇)၊ ဝမ်မတ်ကွင်း အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ်တွင် 2.4 Kw ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် 1500 W ရေပန့်တပ်ဆင်လျက် နမ့်ဝိန်းချောင်းမှ ချောင်းရေတင် စိုက်ပျိုးနိုင်ရေး စတင်ဆောင်ရွက်ပေး နိုင်ခဲ့ပြီဖြစ်ရာ ဧပြီလကုန်မှစ၍ ဒေသခံတိုင်းရင်းသား တောင်သူ များသည် ၁၂ လရာသီပတ်လုံး စိုက်ပျိုးရေ ရရှိနိုင်တော့မည်ဖြစ်သည်။
အဆိုပါ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးခြင်းလုပ်ငန်းအား နတလနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံတောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေ ၁၂ ဒသမ ၅၂ ဧကအား လွှမ်းခြုံအကျိုးပြုမည်ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့် ရာသီသီးနှံများ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် လျော့နည်းသက်သာခြင်း၊ ၁၂ လရာသီ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေ ပိုမိုတိုးတက်လာခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ဝမ်ခုတ် ကျေးရွာအုပ်စု ဝမ်ခုတ်ကျေးရွာ နမ့်လွေချောင်းဘေး လယ်ကွင်းအမှတ် (၂၄) ရှိ စိုက်မြေနေရာ ၁၀ ဧကနှင့် မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာ အုပ်စု တာခွယ်ကျေးရွာ နမ့်ဝမ်ချောင်းဘေးရှိ စိုက်ကွင်းမြေ ၁၀ ဧက တို့အပြင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နောင်ငင်ကျေးရွာ၊ ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာနှင့် မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့နယ် ကောင်းဟုန်းရွာ၊ ကွတ်ခိုင် မြို့နယ် လွန်လိုင်ကျေးရွာနှင့် မုံးပေါ်လေးကျေးရွာတို့တွင်လည်း ဆိုလာ စွမ်းအင်ဖြင့် ချောင်းရေတင်ပြီး စိုက်ပျိုးရေ ပေးဝေနိုင်ရေးအစီအမံများ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည်။
ဒေသခံများ၏ ရင်ထဲကစကားသံများ
မိုင်းပျဉ်းဒေသခံတိုင်းရင်းသား တောင်သူကြီးများကလည်း “ကျွန်တော်တို့ဒေသရဲ့ဓလေ့အရ မိုးစပါးကို ဧပြီလ သင်္ကြန်အပြီးမှာ စတင်ပျိုးထောင်ကြပြီး မေလစတုတ္ထပတ်မှာ စိုက်ပျိုးကြပါတယ်။ ရာသီသီးနှံစိုက်ပျိုးဖို့လည်း အချိန်တစ်လခွဲခန့်သာ ကျန်ရှိတော့တဲ့ အတွက် အချိန်လုံလောက်မှုမရှိတော့လို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် မိုးစပါးပျိုးထောင်ချိန်ကိုသာ အချိန်စောပြီး ပျိုးထောင် သွားပါမယ်။ အခုလို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်နဲ့ စိုက်ပျိုး ရေလုံလောက်စွာရရှိတော့မှာဖြစ်လို့ လာမယ့် မိုးစပါးရိတ်သိမ်းအပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ ဧပြီလဆန်းအထိ နွေစပါးနဲ့ ရာသီပေါ်သီးနှံတွေကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားနိုင်တော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ဆိုပါသည်။
ရှမ်းပြည်နယ်သည် သဘာဝက ပေးအပ်ထားသည့် မြေဆီ၊ မြေနှစ်၊ မြေဆီလွှာတို့ အလွန်ကောင်းမွန်လှပေ၏။ မြေပေါ်သို့ “မျိုးစေ့” ကျ လျှင် အပင်ဖြစ်ထွန်းစေ၏။ ရေရရှိပါက ပိုမိုရှင်သန် ကြီးထွားကြလေ၏။
နိုင်ငံတော်မှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းအပေါ် ဒေသခံတောင်သူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆို လျက်ရှိကြောင်း သိရှိရသည့်အတွက် အလွန်ပင်ပီတိဖြစ်ရပါသည်။
ဤ Pilot Project များကို စံပြအဖြစ် အောင်မြင်စေရန် နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက် ကြရပါမည်။ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားပါမည်။ ဒေသခံ များကိုယ်တိုင် အသိစိတ်ဖြင့် အားကျစေပါမည်။ ဒေသခံများ ဝင်ငွေတိုး လာမည်မှာ အမှန်ပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနုပညာ
မြန်မာတို့သည် ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်နှင့် ကျေးငှက် တိရစ္ဆာန်တို့ကို ချစ်မြတ်နိုးတန်ဖိုးထားတတ်ကြသူများ ဖြစ်သည်။ ကာကွယ်စောင့်ရှောက်ခဲ့သူများလည်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် အလေးထားခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။
သာဓကဆိုရသော် မဟာပုဂံသည် မြန်မာတို့၏ ရွှေခေတ်ဖြစ်ခဲ့ ပါသည်။ “မြကန်” သည် ပုဂံနှင့် ရှစ်မိုင်အကွာ တုရင်တောင်ခြေတွင် တည်ရှိပါသည်။ ကျန်စစ်သားမင်းကြီးသည် “မြကန်”ကို ဆည်ဖို့ခဲ့သူ ဖြစ်သည်။ ရှေးစာဆိုတို့သည် ထို “မြကန်”ကို ကဗျာဖွဲ့ခဲ့လေသည်။
ကဗျာလေးမှာ-
“မြကန်”
မြကန်သာ၊ တောင်ကျချောင်းတေး၊
ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ
နန္ဒာပေလော၊ တူစွဟုတ္တာ ဟူ၍ ဖြစ်ပါသည်။
“တောင်ကျချောင်းရေ” ကို အလဟဿ မဖြစ်အောင် ဆည်ဖို့ပေးခြင်းသည် ရေသယံဇာတကို ထိန်းသိမ်းပေးခြင်းပင်ဖြစ်သည်။ “ကြာ” အစရှိသော သစ်ပင်၊ ပန်းပင်များကို သင်းထုံစေရန်၊ စိမ်းစိုစေရန် စီမံ လိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်လိုက်ခြင်းပင် ဖြစ်သည်။ ငှက်ပေါင်းစုံ ပျော်မွေ့နိုင်စေခြင်းသည် ဇီဝမျိုးနွယ်စုံကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။
မြကန်ကဗျာကို အေဒီ ၁၂၀၇ ခုနှစ်က ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ဆိုရသော် မြန်မာတို့၏ ရေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွေးအမြင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကပင် စတင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြလျက်ရှိပါသည်။
ရှေးမင်းအဆက်ဆက်မှသည် ယနေ့တိုင်နိုင်ငံတော်သည် နိုင်ငံသူ နိုင်ငံသားတို့၏ သောက်သုံးရေ ဖူလုံရေးနှင့် စိုက်ပျိုးရေရရှိရေးတို့ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း မှတ်တမ်းများအရ ကြည်နူး ဖွယ် တွေ့ရှိနိုင်ပါသည်။
ကောင်းမွန်သော အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းရ မည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။
ဖွံ့ဖြိုးရေး ရေအလျဉ် ကြည်ကြည်လင်လင် တသွင်သွင်
ယနေ့အချိန်အခါတွင် နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးပြီးဖြစ်သော ရေရရှိရေး လုပ်ငန်းများဖြစ်သည့် စက်ရေတွင်း၊ သောက်သုံးရေကန်၊ တောင်ပေါ် ရေသွယ်စနစ်များမှ “သောက်သုံးရေ” ကြည်ကြည်လင်လင်တို့ကို ဒေသခံတို့ ချိုမြိန်စွာသောက်သုံးပျော်ရွှင်နေကြပေပြီ။ Solar စနစ်ဖြင့် ဆောင်ရွက်ပေးလျက် ရှိသော “ချောင်းရေတင်စီမံကိန်း”မှ ရေအလျဉ်တို့သည်လည်း ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေရရှိရေးအတွက် တသွင်သွင် စီးဆင်းလျက်ရှိနေပေတော့သည်။