လှိုင်သာယာ ၂၄ နိုဝင်ဘာ

ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးနှင့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်လျက် နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းမဘေးရှိ ရှမ်းရွှေဥအပန်းဖြေဥယျာဥ်တွင် ဆယ်ကျော်သက် လူငယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံခဲ့ကြသည်။

 

0401

 

တွေ့ဆုံပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆွေဆွေဦးက ကလေးသူငယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆွေးနွေးပွဲဆောင်ရွက်သည့် NGO Gender အဖွဲ့မှ အစီအစဥ် ညှိနှိုင်းရေးမှူး ဆရာမနော်ထရီးရှာက ဆောင်ရွက်ခဲ့သည့် ၎င်းတို့ (၆)လတာ ဆောင်ရွက်ချက်များအား ရှင်းလင်းရာတွင် ဆယ်ကျော်သက်များအတွက် နေပျော်တဲ့ဝန်းကျင်များ ဖန်တီးပေးရန်၊ သားဆက်ခြား အသိပညာပေး၊ ဆယ်ကျော်သက် လိင်အသိပညာပေး အမြင်ဖွင့်သင်တန်းများ၊  မိဘအုပ်ထိန်းသူများပါဝင်သော ဆယ်ကျော်သက် ကာကွယ်စောင့်ရှောက်ရေး၊ မိမိကိုယ်တိုင် ခုခံကာကွယ်နိုင်သည့် အကြမ်းဖက်မှုကာကွယ်ရေး ကိုယ်ခံပညာသင်တန်းများ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့မှု အစရှိသည့် လုပ်ငန်းများအား လှိုင်သာယာမြို့နယ် အမှတ် (၉) ရပ်ကွက်၊ အမှတ် (၁၄)ရပ်ကွက်၊ ဒိုင်စုကျေးရွာများရှိ ကလေးသူငယ်များအတွက် စီမံချက်ကာလအတွင်း ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး မိဘအုပ်ထိန်းသူ၊ ဆယ်ကျော်သက်လူငယ် (၂)ဦးပါဝင်သည့် ပညာပေးစကားဝိုင်းကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

 

2954

 

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဆယ်ကျော်သက်လူငယ်လေးများက အကြမ်းဖက်မှု အသိပညာပေးပြဇာတ်နှင့် ကိုယ်ခံပညာသိုင်းသရုပ်ပြကာ ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဥပဒေအရာရှိ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆယ်ကျော်သက်ကလေးငယ်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ NGO Gender အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မောင်မောင်တာ