ဝ ထ က လ သ (နတလ)
“ဝိရောဓိ” ဟူသည် “ဆန့်ကျင်ခြင်း၊ ဆန့်ကျင်ဘက်” ဟူ၍ဖြစ်၏။ “ဖွံ့ဖြိုးရေး” ဟူသည် လူတိုင်း လူတိုင်း၏ လိုအင်ဆန္ဒကို “မဆန့်ကျင်သော” သဘောလည်းရှိ၏။ “ကျေနပ်စရာ” သဘောလည်းရှိ၏။ လူအများအတွက် “နှစ်သက်စေသော” သဘောလည်းရှိ၏။ ကောင်းသောအကျိုးပြုခြင်း အချက်လည်းဖြစ်၏။ ချစ်စရာမွန်မြတ်သည့် လုပ်ငန်းလည်းဖြစ်၏။
ထို့ကြောင့် ဒေသတစ်ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းမှာ မြင့်မြတ်သည်ဟု ဆိုထိုက်ပေမည်။ ဖွံ့ဖြိုးရေး၏ ဆန့်ကျင်ဘက် “ဝိရောဓိ” သည်ကား ထိုနှစ်သက်ဖွယ်အရာများကို ဒေါသ၊ ရန်လိုမှု၊ ကြမ်းတမ်းရက်စက်မှုများဖြင့် ပျက်စီးစေတတ်သော “သဘာဝဘေးအန္တရာယ်များ” ပင်တည်း။
ဘိုးတော်ဘုရားလက်ထက် ၁၁၅၄ ခုနှစ်တွင် “တွင်းသင်းမင်းကြီး မဟာစည်သူ ဦးထွန်းညို” ရေးသားခဲ့သော “ဘလ္လာတိယပျို့” ပါ မိုးသက်လေပြင်းတွေထန်၊ သစ်ပင်တွေ ကျိုးပြတ်လွင့်စင်၊ ချောင်းရေတွေ လျှံပြီး တစ်ဖက်၊ တစ်ကမ်းစီ တစ်ညတာ ကွဲကွာခဲ့ရသဖြင့် နှစ်ပေါင်းခုနစ်ရာတိုင်အောင် ငိုကြွေးခဲ့ရသည်ဟု တင်စားခဲ့သည့် ကိန္နရီ၊ ကိန္နရာ မောင်နှံ ချောင်းခြားအလွမ်းအဖြစ်အပျက်သည် လည်းကောင်း၊ ၁၈၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအပေါ် နစ်နာသော အကျိုးသက်ရောက်မှုဖြစ်စေခဲ့သော“တန်ဘိုရာမီးတောင်” ပေါက်ကွဲမှုသည် လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလက မြစ်ဝကျွန်းပေါ်ဒေသကို အတိုင်းအတာ ကြီးကြီးမားမားပျက်စီး ဆုံးရှုံးစေခဲ့သော “နာဂစ်မုန်တိုင်း” သည်လည်းကောင်း၊ ၂၀၁၁ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော ဂျပန်နိုင်ငံအဖို့ အကြီးမားဆုံးနှင့် အခဲယဉ်းဆုံးဟု ပြောဆိုရမည့် “ဆန်ဒိုင်ငလျင်နှင့် ဆူနာမီ” သည် လည်းကောင်း၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် သမိုင်း၏ အဆိုးရွားဆုံး တောမီးလောင်မှုနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဘရာဇီးနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အမေဇုန် မိုးသစ်တောပြုန်းတီးမှုများသည် လည်းကောင်း ကမ္ဘာပေါ်တွင် နှစ်စဉ်နီးပါးဖြစ်ပေါ်လေ့ ရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြလေသည်။
ဘေးအန္တရာယ်ဟူသည်မှာ နေရာဒေသတစ်ခု (သို့မဟုတ်) လူတစ်စုအပေါ် ရွေးချယ်ကျရောက် တတ်ခြင်းမျိုးမဟုတ်ပေ။ ခေတ်မီဖွံ့ဖြိုးပြီး နည်းပညာအဆင့်မြင့်သည့်နိုင်ငံ၊ ဖွံ့ဖြိုးဆဲဒေသ၊ ဖွံ့ဖြိုးမှုနောက်ကျသည့် တိုင်းပြည်ဟူ၍ ရွေးချယ်မှု မရှိ၊ ညှာတာမှုမရှိ၊ ခွဲခြားမှုမရှိပေ။ သဘာဝဘေး အန္တရာယ်များကြောင့် လူသားတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်းတွင် ဆက်စပ်ထိခိုက် ဆုံးရှုံးတတ်ပါသည်။
ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးသုတေသနစင်တာ (Center for Research on the Epidemiology of Disasters)၏ အစီရင်ခံစာများအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ ၁၀ နှစ်တာကာလအတွင်း နှစ်စဉ်ဘေးဖြစ်ပွားမှု အကြိမ် ၃၀၀ ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူလူဦးရေ မှာ တစ်နှစ်လျှင် ပျှမ်းမျှ ၁၆၄ သန်း ကျော်ခန့်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် လည်း ထို ၁၀ နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များမှာ မီးဘေးအန္တရာယ် ၇၃ ရာခိုင်နှုန်း၊ ရေလွှမ်းမိုးခြင်း ၁၁ ရာခိုင်နှုန်း၊ လေပြင်းမုန်တိုင်းကျရောက်ခြင်း ၁၂ ရာခိုင်နှုန်းနှင့် ကျန်လေးရာခိုင်နှုန်းမှာ မြေငလျင်၊ မြေပြိုခြင်းနှင့် ဆူနာမီ ကျရောက်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထိုသဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံသားတို့၏ အသက်များဆုံးရှုံးခဲ့ရသည်။ နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ရသည်။ လမ်းပန်းဆက်သွယ်ရေး၊ သွားလာမှု လမ်းကြောင်းများ ပိတ်ဆို့ခဲ့ရသည်။ လမ်းတံတားများ၊ မြေပြိုကျမှု (Land Slide) များဖြစ်ပွားပြီး ဆုံးရှုံးပျက်စီးခဲ့ရသည်။ ရေချိုများ ညစ်ညမ်းပြီး သောက်ရေ၊ သုံးရေပြတ်လပ် ရှားပါးခဲ့ရသည်။ စိုက်ပျိုးမြေများ ထိခိုက်ပျက်စီး လက်လွတ်ခဲ့ရသည်။ တိရစ္ဆာန်များလည်း များစွာ သေကျေခဲ့ကြရသည်။ သီးနှံခင်းများလည်း စိုက်ပျိုးမရ ပြဿနာများဖြစ်ခဲ့ရသည်။ ဓာတ်တိုင်များ ပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရပေသည်။ စာသင်ကျောင်းများလည်း ပိတ်ခဲ့ရပါသည်။ ရောဂါဘယများ ထူပြောစေခဲ့သည်။ ဘုရားစေတီ၊ ကျောင်းကန်တို့လည်း ရေစီးတွင် ပြိုကျ၊ ပျက်စီး မျောပါခဲ့ရသည်။ သဘာဝအလှအပများကိုလည်း အကျည်းတန်စေခဲ့ပါသည်။
ထိုရာသီဥတုဆိုးရွားဖောက်ပြန်မှုနှင့် ကြမ်းတမ်းသော သဘာဝဘေး အန္တရာယ်သက်ရောက်မှုများသည် “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန”၏ ဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သော တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး လမ်းများ၊ တံတားများ၊ အဆောက်အအုံများအား ဖျက်ဆီးခဲ့သော မှတ်တမ်းများ များစွာရှိခဲ့ပေသည်။
မည်သူ့ကို အပြစ်တင်ရမည်နည်း
သဘာဝတရားကိုတော့ အပြစ်တင်၍ မရပေ။ မြေကမ္ဘာတွင် မြေပေါ်နှင့် မြေအတွင်းပိုင်းဟု သဘာဝဘေးအန္တရာယ် ဖြစ်စဉ်နှစ်မျိုးရှိသည်။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ် ဖြစ်စဉ်များမှာ လေပြင်း မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ရေတိုက်စားခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် အနည်ပို့ချခြင်းတို့ဖြစ်၏။
ကမ္ဘာမြေအတွင်းပိုင်းဖြစ်စဉ်များမှာ ကမ္ဘာ့အပေါ်ယံအလွှာ (Earth Crust) ၌ ဖြစ်ပေါ်လေ့ရှိ ကြသည်။ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောင်တန်းများ၊ တိုက်ကြီးများ၊ သမုဒ္ဒရာချိုင့်ဝှမ်းများ ဖြစ်ပေါ်ခြင်းတို့ပင်ဖြစ်၏။ မြေပေါ်ဖြစ်စဉ် အများစုဖြစ်ပွားရခြင်းမှာ လူသားတို့၏ ပယောဂကြောင့်ဟုသာ ဆိုရပေမည်။ အဘယ့်ကြောင့်နည်း။
သဘာဝရဲ့စိန်ခေါ်သံ
သစ်တစ်ပင်မျှပင် မစိုက်ပျိုးဖူးကြသော်လည်း သစ်ပင်ဆယ်ပင်ခုတ်ရန် ဝန်မလေးကြ၊ လောဘဇောတိုက်၍ စည်းမရှိ ကမ်းမရှိ သစ်ထုတ်ကြ၏။ သစ်ခုတ်ကြ၏။ သစ်တောများစွာ ပြုန်းတီးကြရသည်။ အမှန်တော့ သစ်ပင်သစ်တောတို့သည် မိုးရေကို မြေကြီးနှင့် တိုက်ရိုက်မထိအောင် ကာကွယ်ပေးထား၏။ မိုးရေကို ထိန်းပေး၏။ ထို့ကြောင့် ရေစီး ရေလာကို နှေးစေ၏။ သစ်ပင်ရှိ၍ ရွာသောမိုးရေသည် မြေအောက်သို့ ပိုမိုစိမ့်ဝင်နိုင်၏။ မြေအောက်ရေကို ဖြည့်တင်းရာလည်းရောက်ပါသည်။
သစ်ပင်သစ်တောများ မရှိလျှင်တော့ မိုးရေသည် မြေကြီးနှင့် တိုက်ရိုက်ထိတွေ့ပြီး မြေဆီလွှာပျက်စီးစေ၏။ ထိုမြေလွှာများသည် မိုးရေနှင့်အတူ မြစ်များ၊ ချောင်းများသို့ မျောပါကျရောက်၏။ ထိုမြေဆီလွှာ အနည်အနှစ်များကြောင့် မြစ်ကြမ်းပြင်ကို တိမ်စေ၏။ သောင်ထွန်းစေ၏။ ထို့ကြောင့် မြစ်ကျဉ်းပြီး ရေကြီးရေလျှံဖြစ်ပေါ်လာရတော့သည်။
“သစ်ပင်၊ သစ်တော မရှိခြင်း၏ ရလဒ်အကျိုးဆက်ကို ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရုံသာ။” အခြားအကြောင်းရင်းတစ်ခုမှာ စနစ်တကျမရှိသော သယံဇာတတူးဖော်မှုများပင်ဖြစ်၏။ မြစ်ထဲ၊ ချောင်းထဲ တူးချင်သလို တူးကြ၏။ စွန့်ပစ်မြေစာများ ပုံချင်သလို ပုံကြ၏။ ထိုအခါ ရေလမ်းကြောင်းများ ပျက်စီးခြင်း၊ ပိတ်ဆို့ခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာ၏။ မြစ်ချောင်းများ၏ ရေစီးဆင်းပုံ စနစ် (Drainage System) ကွန်ရက်သည် လူများ၏ မဆင်မခြင်ပြုမှုများကြောင့် ပျက်စီးယိုယွင်းကြရသည်။ ရလဒ်ကား ရေကြီးမှုပမာဏ များပြားလာခြင်း၊ ရေကြီးခြင်း အကြိမ်ရေစိပ်လာခြင်းတို့ပင်တည်း။
ထို့အပြင် ရွှေ့ပြောင်းတောင်ယာဆောင်ရွက်ခြင်း၊ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှု၊ တောမီးရှို့မှု၊ လမ်းများ၊ တံတားများဖျက်ဆီးခံရမှု၊ နယ်မြေအေး ချမ်းမှုမရှိခြင်းတို့ကလည်း မြေပေါ်ဘေးအန္တရာယ်များတွင် ထည့်သွင်းရပါမည်။
ယခုဆိုလျှင် ရှမ်းပြည်နယ်ဒေသအနှံ့ ခပ်စိပ်စိပ် တွေ့ရသည့် ထင်းရှူးတောများ ရှားပါးလာပေပြီ။ ပင်လယ်ကမ်းစပ် ဒီရေရောက်တောများသည်လည်း ပုစွန်ကန်များနှင့်အတူ ပျောက်ကွယ်ခဲ့ပေပြီ။ နယ်စပ်ဒေသအသီးသီးတွင် သစ်ပင်သစ်တောမဲ့ တောင်ကတုံးများ ပေါများခဲ့ပေပြီ။ ထိုသို့ သဘာဝဟန်ချက်တွေ ပျက်စီးလာသည်နှင့်အမျှ သဘာဝဘေးများက မိမိတို့ကို အချိန်တိုင်းစိန်ခေါ်နေလေတော့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည်
နိုင်ငံတော်တည်ဆောက်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဟူသော အဓိကတာဝန်ကြီးနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ဟူသောမဟာဗျူဟာဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်လျက်ရှိသည့် ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီး နှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသခြောက်ခုတို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးနိုင်ရန် ဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်လျာထားရန် လိုအပ်ပါသည်။
ထို့ကြောင့် ဤနေရာသည်ကား ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်လျက်ရှိ၏။ ဒေသက လည်း ဖွင့်ဟတောင်းဆို၏။ ဒေသခံများအတွက်လည်း များစွာအကျိုးရှိ၏။ သို့အတွက် နတလ၏ ဝန်ထမ်းများသည် တောတိုး၊ တောင်ဖြတ်၊ မိုးထဲရေထဲ ပင်ပန်းစွာကွင်းဆင်း စစ်ဆေးလေ့လာပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်ရန် လျာထားပေးကြ၏။ အရည်အသွေးပြည့်မီစွာ ခိုင်ခံ့စေရန် ကျွမ်းကျင်လုပ်သားများ၊ အင်ဂျင်နီယာများက စေတနာအပြည့်ဖြင့် တည်ဆောက်ခဲ့ကြ၏။ လှပစွာ၊ ခန့်ထည်စွာလည်း အချိန်မီတည်ဆောက်ပြီးစီး၏။ ဒေသခံပြည်သူတို့လည်း ပျော်ရွှင်ဝမ်းမြောက်စွာ ဖြတ်သန်းသွားလာ အသုံးပြုနေကြ၏။
ဤသို့သောကာလမျိုးတွင် ရုတ်တရက် မိုးသည်းထန်စွာရွာ၏၊ ရက်ပေါင်းများစွာ မရပ်မနားရွာ၏။ လေပြင်းထန်စွာတိုက်ခတ်၏။ တောင်တွေမြေတွေ ပြိုကျ၏။ လမ်းကမ်းပါးများ တအိအိပဲ့ကျကုန်၏။ တစ်ရှိန်ထိုးစီးဆင်းလာသော မိုးရေများသည် ချောင်းများအတွင်းသို့ အဟုန်နှင့်ရောက်၏။ ရေပြင်သည် အရှိန်ဖြင့် မြင့်တက်လာ၏။ ကြမ်းတမ်းသော ရေစီးတို့သည် လမ်းကြောင်းအပေါ်ရှိ တံတားကို ခပ်ပြင်းပြင်းကျော်ဖြတ်၏။ လေပြင်းကြောင့် ကျိုးပြတ်ပြိုလဲလွင့်စင်သွားသော သစ်ပင်၊ သစ်တုံး၊ သစ်ကိုင်းတို့ ရေစီးနှင့်အတူ မျောပါလာ၏။ ယင်းတို့သည် တံတားတိုင်များနှင့် ကန့်လန့်ခံပိတ်စေ၏။ ရေစီးကြမ်းနှင့်အတူ သစ်တုံး၊ သစ်ပင်တို့က တံတားကို တဝုန်းဝုန်းနှင့် အကြိမ်ကြိမ်ဆောင့်၏။ တံတားတိုင်များ ကြေမွသွားလေ၏။ တံတားများလည်း ယိုင်နဲ့ပျက်စီး၏။ ချဉ်းကပ်လမ်းများ ဖရိုဖရဲပျက်စီး ရတော့သည်။ စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းများပင် ဖြစ်တော့သည်။
သဘာဝတရားကြီးသည် ကျွန်ုပ်တို့အား တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်များ ပေးထားပြီး ဖြစ်ပါသည်။ သဘာဝကိုဖျက်ဆီးပါက သဘာဝတရား၏ ဒဏ်ခတ်မှုကိုတော့ ခံကြရပေမည်ကို သေချာစွာ သတိပေးရပါလိမ့်မည်။ တစ်စုံတစ်ခုပျက်သည်နှင့် အားလုံးပြိုပျက်ကြရပေမည်။ ဤသည်ကား ကမ္ဘာမြေကြီး၏ ရှင်သန်လည်ပတ်နေသော စနစ်ဖြစ်၏။
တည်ဆောက်ရေးလုပ်ငန်းများသည်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသများ၊ တိုင်းရင်းသား လူမျိုးများနေထိုင်ရာဒေသများ၊ လူတိုင်းရောက်ရှိရန် ခက်ခဲသည့်ဒေသများတွင် Pioneer ရှေ့ပြေးစီမံကိန်း များအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ တစ်နည်း ဆိုရသော် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ချေများ သော တောင်တန်းဒေသများနှင့် ပင်လယ်ကမ်းရိုး တန်းဒေသများ၌ပင် ဖြစ်ပါသည်။
ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောအထပ်ထပ်၊ တောင်အလျှိုလျှိုကို ကျော်လွှား ၍လည်းကောင်း၊ တောင်ခါးပန်းများကို ရစ်ပတ်၍ လည်းကောင်း၊ လျှိုမြောင်များကို ဖြတ်သန်း၍ လည်းကောင်း၊ မြစ်ချောင်းများကို ဖြတ်ကျော်၍လည်း ဆောင်ရွက်ကြရပါသည်။
ထို့ကြောင့် “နတလ ဖွံ့ဖြိုးရေးလုပ်ငန်းများ” အပါအဝင် နိုင်ငံတော်၏ အခြားတည်ဆောက်ရေး လုပ်ငန်းများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်လိုလို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ရှောင်လွှဲ၍ မရနိုင်ခဲ့ပါ။
နှစ်စဉ်နှစ်တိုင်းလိုလို ဤမိုးကာလများတွင် မြန်မာနိုင်ငံအနှံ့အပြား ရက်ပေါင်းများစွာ မိုးများ သည်းထန်ပြီး အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဆောင်ရွက်ပြီး လမ်း/ တံတားလုပ်ငန်းများနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများသည် နေရာ တော်တော်များများ၌ လမ်းမြေပြိုခြင်း၊ ပဲ့ကျခြင်း၊ တောင်ပြိုကျခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ ရေနစ်မြုပ် ခြင်း၊ တံတားများ ရေတိုက်စားခြင်း စသည့်ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရပါသည်။
နိုင်ငံတော်သည် အဆိုပါသဘာဝဘေးကြောင့် ပျက်စီးပိတ်ဆို့သွားသော လမ်းပိုင်းနေရာများတွင် ချက်ချင်းမြေစာများ ဖယ်ရှားခြင်း၊ နောက်ထပ်မြေပြို ခြင်းမဖြစ်စေရန် တောင်နံရံများဖြတ်ခြင်း၊ Step ခံခြင်း၊ ရေစီးဒဏ်ခံနိုင်ရန် မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့အား အချိန်နှင့်တစ်ပြေးညီ နေ့ညမပြတ်၊ အင်တိုက်အားတိုက် ပြန်လည်ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော် ရှေ့ကပြင်နေဆဲ နောက်က ပြိုပျက်သဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင်ဖြစ်ပါသည်။
ပျက်စီးမှု၏ အဓိကအကြောင်းအရင်း
နယ်စပ်ဒေသရှိလမ်းအများစုမှာ တောင်တန်းဒေသများတွင် တည်ရှိနေပါသည်။ အတက်/ အဆင်းများပြီး Gradient 8% အထက်ရှိခြင်းကြောင့် မိုးရွာသွန်းမှုများချိန်တွင် ရေစီးကြမ်းသဖြင့် အပွန်းခံလွှာပျက်စီးမှုမြန်ဆန်ခြင်း၊ လမ်းသားများပြတ်ကျခြင်း၊ လမ်းဘေးရေမြောင်း (Side Drain) တိုက်စားခြင်း/ ပိတ်ဆို့ခြင်းတို့ကြောင့် လမ်းပေါ်ရေစီး၍ လမ်းသားပျက်စီးမှုကို အများဆုံးဖြစ်ပွားစေ ပါသည်။ မိုးရေချိန်များမှုကြောင့်လည်းကောင်း၊ သစ်ပင်ကြီးများ/ ကျောက်တုံးများ ပိတ်ဆို့မှု ကြောင့်လည်းကောင်း၊ မိုးရွာသွန်းချိန်တွင် ချောင်း/ မြောင်းများလမ်းကြောင်းပြောင်း၍ တံတားနှင့် Box Culvert များ၏ ကမ်းကပ်ခုံ၊ Wing Wall၊ မြေထိန်းနံရံ စသည်တို့ကို ရေတိုးတိုက်စားခြင်းတို့ကြောင့် လမ်း/ တံတားများပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့ရ ပါသည်။
ဖွံ့ဖြိုးပြီးလမ်းများမှာ အဆင့်မြှင့်တင်သောလမ်း မဟုတ်ဘဲ လမ်းလုံးဝမပေါက်သေးသောနေရာများတွင် လမ်းအသစ်ဖောက်လုပ်ခြင်း ဖြစ်သောကြောင့် မြေသားသိပ်သည်းမှု နည်းနေသေးခြင်းသည်လည်း ပျက်စီးရခြင်းအကြောင်းရင်းအနက် တစ်ချက်ပါဝင် ပါသည်။ ပူတာအို- မချမ်းဘော့ - နောင်မွန်း လမ်းပိုင်းများဆိုလျှင် နွေ၊ မိုး၊ ဆောင်း သုံးနှစ်ကျော် ကြာပြီးမှသာ မြေပြိုမှုနည်းပါးသွားပြီး မြေသားသိပ်သည်းနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။
ထိုကဲ့သို့ပင် အချို့နေရာများ၌လည်း သက်နုသင်ပုန်းကျောက်များဖြစ်ခြင်းနှင့် ခိုင်မာမှုမရှိသော မြေထုများတွင်ဆောင်ရွက်ရခြင်း၊ မက်စောက်သော တောင်ကမ်းပါးယံတွင် ခက်ခဲစွာဖောက်လုပ်ခဲ့ရ ခြင်း၊ ရန်ပုံငွေကန့်သတ်ချက်အရ မြေထိန်းနံရံများ ဆောင်ရွက်နိုင်မှု နည်းပါးခြင်းတို့ကြောင့် မြေပြိုမှု (Land Slide) ဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု/ ပျက်စီးမှုများ ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ရပ်တန့်စေခဲ့
စင်စစ်အားဖြင့် သဘာဝဘေးအန္တရာယ်များသည် လမ်းတစ်လမ်း၊ တံတားတစ်စင်း၊ အဆောက် အအုံတစ်လုံးကိုသာ ထိခိုက်စေမည်မဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိနေပေသည်။
သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတော်၏ ဆောင်ရွက်ဆဲဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ ရပ်တန့်စေခဲ့ပါသည်။ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို နှောင့်ယှက်ပျက်စီးစေခဲ့ပါသည်။ နှောင့်နှေးစေ ခဲ့ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လျာထားသည့် တည်ဆောက်ရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံသားတို့၏ ဘေးအန္တရာယ် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြောင်းလဲသုံးစွဲရခြင်းကြောင့် နိုင်ငံ၏ရှေ့ဆက်မည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရှိန်အဟုန် ယုတ်လျော့စေခဲ့ပါသည်။
ပူးပေါင်းဆောင်ရွက်ကြရမည်
ထို့ကြောင့် နိုင်ငံသားတိုင်းသည် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့် အသိပညာ၊ ဗဟုသုတများ ရှိနေရန်လိုအပ်ပါသည်။ အခြေခံအကျဆုံးအချက်မှာ ရရှိသည့်အသိပညာ၊ ဗဟုသုတများကို လက်တွေ့မြေပြင်တွင် အသုံးချနိုင်ရန်၊ မျှဝေပေးရန် လွန်စွာအရေးကြီးလှပါသည်။
ကမ္ဘာ့နိုင်ငံတိုင်းမှ သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေးအတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသော်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဘေး အန္တရာယ်ဖြစ်စဉ်များမှာလည်း မလျော့သောအရေအတွက်ဖြင့် တိုးပွားလျက်ရှိသည်ကိုတော့ သတိချပ် သင့်ပေသည်။
တိုးပွားဖြစ်ပေါ်လျက်ရှိသည့် ဘေးအန္တရာယ်များ လျှော့ချနိုင်ရေး နိုင်ငံသားတိုင်းက အသိစိတ် ဖြင့် ပူးပေါင်းကြိုးပမ်း ကာကွယ်ထိန်းသိမ်းနိုင်မှသာ၊ ကြိုးပမ်းဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှုများကို သိသိသာသာလျှော့ချပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးတည်ဆောက်မှု (Nation building) ကဏ္ဍအသီးသီးသည် လျင်မြန်စွာတိုးတက် ပြောင်းလဲစေနိုင်မည်ဟု ယုံကြည်မိကြောင်း တင်ပြလိုက်ရပါသည်။ ။