နေပြည်တော်   ဒီဇင်ဘာ   ၂၁

 

ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ် - ခေါင်းဆောင်မှုအရင်းအမြစ် တည်ဆောက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရုံးအမှတ် (၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပသည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက “ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ဆောင်တတ်သည့် လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ပါဝင်ဆွေးနွေးကြမည့် အရာထမ်းများအနေဖြင့်လည်း ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ထိုမှတစ်ဆင့် အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အသွေး တိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပိုမိုပြည့်စုံသည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဟု  ထင်မြင်မိပါကြောင်း၊ ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သည့်အတွက် အမြော်အမြင်၊ အတတ်ပညာနှင့်ပြည့်စုံသည့် ဝန်ထမ်းများ မွေးထုတ်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကိုလည်း လိုက်နာ၍ စွဲမြဲမှတ်သားစွာ သိရှိနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အားထုတ်ကြိုးပမ်း ကြရန်ဖြစ်ကြောင်း” ပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေး‌နွေးပွဲကို သုံးကြိမ်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲသည် ဝန်ထမ်းတစ်ဦးချင်းစီအလိုက် အရည်အသွေးနှင့် စွမ်းဆောင်ရည်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့တွင် “လူတစ်ဦးချင်းစီ၏ အပြုအမူ၊ ပင်ကိုစရိုက်နှင့် တန်ဖိုးများ” ခေါင်းစဉ်၊ “လုပ်ငန်းခွင်ဆိုင်ရာ ခံစားချက်၊ စိတ်နေသဘောထားနှင့် စိတ်ဖိစီးမှု” ခေါင်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် “လုပ်ငန်းခွင်အတွင်း စိတ်အားထက်သန်မှု လှုံ့ဆော်မြှင့်တင်ခြင်း၏ အခြေခံအုတ်မြစ်” ခေါင်းစဉ်နှင့် ”ဆုံးဖြတ်ချက်ချခြင်းနှင့် ဖန်တီးနိုင်စွမ်း” ခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍  ဆွေးနွေးသွားမည်ဖြစ်ကာ အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင်  ပထမနေ့နှင့် ဒုတိယနေ့များ၌ ဆွေးနွေး ခဲ့သည့် ခေါင်းစဉ်အလိုက် စုဖွဲ့၍ ဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း တို့ကို ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးတင်ပြမှုအပေါ် တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် ဆုချီးမြှင့် ပေးအပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်သော ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကာလမှာ ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိဖြစ်ကာ အရာထမ်း၊ အမှုထမ်း ၆၆ ဦးတို့က သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်