ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု

၁၄ ဧပြီ
 

 

မြန်မာနိုင်ငံသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတို့နှင့်အတူ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးဖော်ဆောင်ရာ၌ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတအရင်းအမြစ်များ ထိန်းသိမ်းရေးကိုပါ ဟန်ချက်ညီညီ ယှဉ်တွဲဆောင်ရွက်နိုင်စွမ်းရှိရမည် ဖြစ်ပါသည်။ သို့မှသာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ပါသည်။

 

 

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် အကြောင်းရင်းများ၌ သစ်တောများပြုန်းတီးစေခြင်းသည် အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ သစ်ပင်များသေဆုံးသောအခါ ၎င်း၌ ထိန်းသိမ်းထားသော ကာဗွန်ဓာတ်တို့ကို လေထုထဲသို့ ထုတ်လွှတ်သည်ဖြစ်၍ ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖြစ်ပေါ်စေပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့တို့သည် ကမ္ဘာ့ရာသီဥတုကို ပျက်စီးပြောင်းလဲစေပါသည်။ ကမ္ဘာကြီးက ထုတ်လွှင့်သမျှသော ဖန်လုံအိမ် ဓာတ်ငွေ့တို့၏ ၁၅ ရာခိုင်နှုန်းသည် သစ်တောများပြုန်းတီးပျက်စီးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကမ္ဘာကြီး၏ နှစ်စဉ် သစ်တောပြုန်းတီးပျက်စီးမှုသည် ပနားမားနိုင်ငံ အရွယ်အစားခန့်ရှိသည်ကို သိရှိပါက အံ့ဩတုန်လှုပ်မည် ဖြစ်ပါသည်။ လွန်ခဲ့သော ၁၀ နှစ်မှ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ နှစ်စဉ် သစ်တောပျက်စီးပြုန်းတီးမှုသည်လည်း ၁၃၃၀ဝဝ ဟက်တာမှ ၅၀၈၀ဝဝ ဟက်တာအထိ ရှိသည်ဟု သိရှိရပါသည်။

 

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် သစ်တောအရည်အသွေး ကျဆင်းခြင်းအပါအဝင် သစ်တောပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လုပ်မှုအား လျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန်ရင်းမြစ်များ ပိုမိုတိုးမြှင့်စေသောလုပ်ငန်းစဉ်များ (REDD+) ၌ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဤသည်မှာ မြန်မာနိုင်ငံက ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change - UNFCCC) နှင့်ကျိုတိုသဘောတူညီချက်(Kyoto Protocol) တို့အား လက်မှတ်ရေးထိုးသဘောတူခဲ့ခြင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၏ ခြိမ်းခြောက် စိန်ခေါ်မှုကို ရင်ဆိုင်ရလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဤလုပ်ငန်းစဉ် (REDD+)တို့ကို တိုင်းပြည်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ် (REDD+) တို့ကို သစ်တောပြုန်းတီးပျက်စီးမှုနှုန်း အမြန်ဆုံးဖြစ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပိုမိုဦးစားပေးဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကို ယှဉ်တွဲဖြစ်ပေါ်စေမည့် အဆိုပါလုပ်ငန်းစဉ် (REDD+) တို့အား မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း