ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများ ကျော်လွှား

နေပြည်တော် ၂၈ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် အကူးအပြောင်းကာလတွင် အကြီးမားဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြည်သူများ ကြုံတွေ့ခံစားနေရမှုများအရ အဓိကစိန်ခေါ်မှုမှာ ဆင်းရဲနွမ်းပါးမှုပင်ဖြစ်သည်။ အသွင်ကူးပြောင်းမှုကာလဆိုသည်မှာ မည်သည့်အချိန်အခါတွင်မျှ လွယ်ကူချောမွေ့စွာ ကူးပြောင်းနိုင်သည့် အနေအထားမရှိဘဲ အခက်အခဲများ၊ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင် ကြုံတွေ့ကြရသည်သာဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသွင်ကူးပြောင်းမှုကာလ၌ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဆောင်ရွက်ပေးနေသည်နှင့်အတူ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ကိစ္စများကိုပါ တစ်ပြိုင်နက်ဆောင်ရွက်ရသဖြင့် စိန်ခေါ်မှု အကြီးမားဆုံးကာလဟု ဆိုရမည်သာ ဖြစ်သည်။

 

ထိုစိန်ခေါ်မှုများသည် ကြီးပွားတိုးတက်လိုသူတို့အတွက် မှတ်ကျောက်ပင်ဖြစ်သည်။ ၎င်းစိန်ခေါ်မှုဟူသည့် မှတ်ကျောက်သည် တိုးတက်ကြီးပွားလိုသူတို့၏ ခံနိုင်ရည်၊ အရည်အချင်းနှင့် ဇွဲလုံ့လဝီရိယတို့ကို စမ်းသပ်ခြင်း ဖြစ်သည်ဟု မှတ်ယူကာ မဖြစ်မနေ ကြိုးပမ်းအားထုတ်ကြမည်ဆိုလျှင် အောင်မြင်မှုဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနိုင်ပေသည်။ ကြုံတွေ့နေရသော စိန်ခေါ်မှုများသည် အောင်မြင်မှု ပန်းတိုင်သို့ တက်လှမ်းနိုင်ရန် အစမ်းသပ်ခံ ဖြတ်ကျော်ရမည့် မှတ်ကျောက်ပင်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “မြန်မာနိုင်ငံအနေနဲ့ အကူးအပြောင်းအလွန်ကာလမှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ကျွန်မတို့ရဲ့ ကတိကဝတ်တွေ ခိုင်မာအားကောင်းလာစေမယ့် အခွင့်အလမ်း တစ်ရပ်ဖြစ်လာပြီး မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ရင့်ကျက်လာရေးအတွက် အခြေခံအုတ်မြစ် အဖြစ် ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။

 

မြန်မာနိုင်ငံ၏ ကြုံတွေ့နေရသော စိန်ခေါ်မှုများသည် ပြုပြင်ပြောင်းလဲမှုများကို ရှေ့တိုးလာနိုင်အောင် အားပေးသည့် တွန်းအားများဖြစ်စေနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများလာလေ ထိုစိန်ခေါ်မှု အခြေအနေမျိုးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မိတ်ဆွေများနှင့် ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းသာမက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အကူအညီများလည်း ရရှိနေပြီဖြစ်သည်။

 

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကူအညီများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာရေးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများကျင်းပကာ ဖော်ဆောင်ပေးနေသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယခုပြုလုပ်သောဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ပထမဆုံးကျင်းပသည့် ဆွေးနွေးပွဲဖြစ်သည်ဟု ဆိုသော်လည်း ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းအချို့က အကူအညီများပေးနိုင်ရန် ကတိကဝတ်များ ရှိခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုများသည် စိန်ခေါ်မှုများကြားမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အရွေ့တစ်ခုချင်း တက်လှမ်းနိုင်ရန် အရေးကြီးသည့် တွန်းအားတစ်ရပ်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲများ ဖော်ဆောင်နိုင်ခြင်းသည် စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် မှတ်ကျောက်တင်နေခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် တူညီသော အနာဂတ်ရည်မှန်းချက်များအတိုင်း ယခုနှစ်တွင် အစိုးရ၊ ပုဂ္ဂလိက၊ ပြည်တွင်း၊ ပြည်ပပူးပေါင်းလက်တွဲကာ အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းများ တိုးတက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။

 

(ကြေးမုံ)