နေပြည်တော် ၂၃ ဖေဖော်ဝါရီ

တောင်စဉ်မြင့်မား၊ မြူတိမ်ကြားမှာ


'ဘုံတလာ' မိုးပိ၊ မိုးကုပ်ထိဟန်


ရေကန် 'ရိဒ်'က၊ သည်းပုံသ္ဌာန်


ပျိုဟန်မိန်းမ၊ ဝိတိုရိယ


အေးမြသာမော၊ လေချိုနှော၍


စုံတောစိမ့်မြိုင်၊ ပန်းစုံလှိုင်စွ


အလှထူးသည့်ချင်းပြည်နယ်။

 

ချင်းပြည်နယ်ရဲ့ အလှအပနောက်ခံနှင့် ချင်းရိုးရာဝတ်စုံဖြင့် ချင်းတိုင်းရင်းသူလေး 'ဆုန်သင်းပါရ်' ရဲ့ တောင်ဇလပ်ပန်းများဖူးပွင့် နေ ထင်းရှူး၊ ချယ်ရီ၊ တောင်တန်းတွေ ဒါဟာ လည်း ချင်းပြည်ရဲ့အလှအပကို ဖော်ကျူးနေဆို တဲ့ တီဗွီဖန်သားပြင်ပေါ်က တေးသံချိုကို နားဆင်ရသည်မှာ ချင်းပြည်နယ်ရဲ့သဘာဝ၊ ချင်းတို့ဘဝ၊ ချင်းတို့ဓလေ့တို့ကို လေ့လာဖို့ ဖိတ် ခေါ်နေသလားဟု ထင်မှတ်လောက်စရာပင်။

 

ဟုတ်ပါသည်။ ချင်းပြည်နယ်ရဲ့ အသည်း နှလုံးဖြင့် ခိုင်းနှိုင်းထားသည့် 'ရိဒ်ရေကန်'၊ ခေါ်နူးစုမ်(ခေါ်) ဝိတိုရိယ(ခေါ်) နတ်မတောင် သဘာဝဘေးမဲ့သစ်တောဥယျာဉ်၊ ထူးခြား ဆန်းကျယ်သော ဘုံတလာရေတံခွန်၊ ကျောက်ပန်းတောင်း(ခေါ်) ကီမိုတောင်တို့ သည် အလှပေါ်အယဉ်ဆင့်ဆိုသလို ပြည်နယ် ၏ အလှကို ပိုမိုကြွရွအောင် တန်ဆာဆင်ထား ကြသည်ဟု ဆိုလျှင် မှားမည်မထင်။

 

မတူပီမြို့

 

မတူမီမြို့နယ်သည် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်(တောင်ပိုင်း)ရှိ နယ်စပ်မြို့ တစ်မြို့ဖြစ်သည်။ ယခုအခါ မတူပီ ခရိုင်မြို့အဖြစ် ဖွဲ့စည်းထား၏။ မြို့နယ်၏ ဧရိယာ အကျယ်အဝန်းမှာ ၁၉ဝ၁ ဒသမ ၄၁ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၄၉ အုပ်စုနှင့်ကျေးရွာ ၁ဝ၈ရွာတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်နှင့် ထိစပ်နေသည်။ မြောက်ဘက် တွင် ဟားခါးမြို့နယ်၊ တောင်ဘက်တွင် ပလက်ဝမြို့နယ်၊ အရှေ့ဘက်တွင် မင်းတပ် မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ အရှေ့ အနောက် ၄၇ မိုင်၊ တောင်မြောက် ၆၈ မိုင် ကျယ်ဝန်းသည်။ မြို့နယ်အတွင်း မတူ၊ မရာ၊ ဒိုင် (ယင်းဒူ)၊ ဇိုတုံး၊ လောက်တူ တို့အချင်းချင်း ရိုင်းပင်းကူညီကာ စည်းလုံးညီညွတ်စွာ အတူ ယှဉ်တွဲနေထိုင်ကြသည်။

 

လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ဖွံ့ဖြိုး တိုးတက်မှုနောက်ကျနေသေးသည့် မြို့နယ် ဖြစ်သည်။ မိမိပြည်နယ်အတွင်းရှိ မြို့နယ်များ နှင့် ဆက်သွယ်သွားလာမှုပင်လျှင် အလွန် ခက်ခဲခဲ့၏။ ပခုက္ကူ-ကျောက်ထု-မင်းတပ်- မတူပီ ကားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက် ဖွင့်လှစ် ပြီးစီးပြီဖြစ်သည်။ ရန်ကုန်မှ ပခုက္ကူသို့ ဦးစွာသွားရသည်။ ပခုက္ကူမှသည် ကျောက်ထု၊ မင်းတပ်၊ မတူပီ လိုင်းကားများပြေးဆွဲပေးနေ သည်။ ခရီးစဉ်အဆုံးမှာ မတူပီမြို့နယ်ဖြစ်၏။ ဤသို့ပြေးဆွဲပေးမှုကြောင့် ယခုအခါသွားလာမှု လွယ်ကူချောမွေ့ ခဲ့လေပြီ။

 

ချင်းပြည်နယ်(တောင်ပိုင်း) မတူပီမြို့ အနီးရှိ ဘုံတလာရေတံခွန်သည် ပြည်နယ်၏ ထင်ရှားသော ရေတံခွန်ပင်ဖြစ်သည်။ ရေ တံခွန်ကြီးရှိရာသို့ အပန်းဖြေလေ့လာဖို့ သွားကြမည်ဆိုလျှင် ရန်ကုန်မှသည် ပခုက္ကူ၊ ကျောက်ထု၊ ကျောက်ထုမြို့မှအထွက် ၁ဝ မိုင်ခန့် အရောက်တွင် 'မကွေးတိုင်းမှ နှုတ်ခွန်း ဆက်ပါ၏'နှင့် 'ချင်း ပြည်နယ်မှ ကြိုဆိုပါ၏'ဟုဆိုသော ပြည်နယ် နှင့် တိုင်းခွဲခြားသတ်မှတ် ပေးသည့် နယ်နိမိတ်ခြား ကျောက်စာတိုင်နှစ်ခု က ခရီးသွားပြည်သူများကို အပြန်အလှန် ကြိုဆိုနှုတ်ဆက်ကြပါလိမ့်မည်။ ဤ ကျောက်စာတိုင်နှစ်ခုသည် ကားလမ်းဘေး တစ်ဖက်စီတွင် သပ်ရပ်စွာစိုက်ထူးထားသည် ကို တွေ့ရမည်။

 

ဤနေရာမှ ၁၅မိနစ်ခန့် တောင်တက်ကား လမ်းအတိုင်း တက်လိုက်သည်နှင့် 'ချင်းပြည်နယ် မင်းတပ်မြို့မှ လှိုက်လဲစွာကြိုဆိုပါ၏' ကျောက် စာတိုင်ကို သပ်ရပ်လှပစွာမြင်တွေ့ရပါမည်။ မကြာပါ။ မင်းတပ်မြို့သို့ ရောက်ရှိပါတော့ သည်။ မင်းတပ်မြို့သည် ချင်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်မြို့ တစ်မြို့ဖြစ်သည်။ မင်းတပ်မြို့မှ မြို့ဆက်လမ်းများဖြစ်သော မင်းတပ်-ကျောက်ထု ၁၈ မိုင် ၇ ဖာလုံ၊ မင်းတပ်-ကန်ပက်လက် ၃၇ မိုင် ၅ ဖာလုံ၊ မင်းတပ်-မတူပီ ၁ဝ၂ မိုင်တို့ကို ကားလမ်းအဖြစ် ဖောက်လုပ်ပေးထားပါသည်။

 

ဤလမ်းတို့မှာ တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်ရာ အဓိကလမ်းဖြစ်သကဲ့သို့ မကွေး တိုင်းဒေသကြီး၊ ကျောက်ထု-ပခုက္ကူလမ်းမှ သည် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ သို့ ထွက်ပေါက်လမ်းလည်းဖြစ်ပေသည်။ မင်းတပ် မြို့ မှတစ်ဖန် မတူပီသို့ ခရီးဆက်ရပါသည်။

 

ပခုက္ကူမှ မတူပီသို့ နေ့ချင်းသွားရောက် နိုင်ပြီး တောင်ကမ်းပါးယံများဖြတ်၍ ကွေ့ပတ် ဖောက်လုပ်ထားသည့် မင်းတပ်-မတူပီလမ်း အတိုင်း သုံးနာရီကျော် ကားဖြင့် ခရီးနှင်လိုက် သည်နှင့် တောင်ကြောကားလမ်းဘေးရှိ တောင်ကုန်းမို့မို့ပေါ်ရှိ 'လှိုက်လဲစွာကြိုဆိုပါ၏ မတူပီမြို့' မြို့အဝင်ဆိုင်းဘုတ်က ဆီးကြိုလျက်၊ တောင်ကြောလမ်းအတိုင်း မြို့ဝင်လိုက်သည် နှင့် ဝဲ/ယာ ပလက်ဖောင်း အဖြူအနီအနားသတ် ဖြင့် လှပသပ်ရပ်သည့် ကတ္တရာလမ်းကို စတင် တွေ့ရသည်။ ထိုနေရာမှသည် မြောက်ဘက်သို့ လှမ်းမျှော်ကြည့်လျှင် ညိုပြာမှုန်မှိုင်းနေသော 'ဘုံတလာရေတံခွန်'ကို အဝေးကပင် လှမ်းမြင်နိုင် ၏။ အနည်းငယ်ဆက်လက်သွားရောက်သည်နှင့် တောင်ကြောလမ်းဘေး ဝဲယာတွင် တိုက်တာ အဆောက်အအုံများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တာဝါတိုင်နှင့် ဆက်သွယ်ရေး တာဝါတိုင်တို့ဖြင့် ယခင်နှင့်မတူ မြို့အင်္ဂါရပ် အသွင်သို့ ပြောင်းလဲခဲ့ပေပြီ။ မြို့တွင်းလမ်းများ သည်ပင် ကွန်ကရစ်လမ်းများအဖြစ်သို့ ပြောင်းလဲ ခဲ့ပြီ။ လမ်းဘေးတိုက်တာ အောက်ခန်းရှိ ဈေး ဆိုင်များတွင် ကုန်ပစ္စည်းစုံလှသည်။ မြို့ပေါ်ရှိ ကားလမ်းများပေါ်တွင် မော်တော်ကား၊ ဆိုင်ကယ်တို့ဖြင့် ပျားပန်းခပ်မျှ သွားလာနေ ကြပြီး မတူပီ-ပလက်ဝ၊ ၁၃၅မိုင် ကားလမ်း ကိုလည်း ဖောက်လုပ်ပြီးစီးပြီးဖြစ်၍ အဆင့် မြှင့်တင်လျက်ရှိ၏။ ဆက်သွယ်ရေးဝင်းအတွင်းမှ ဖုန်းတာဝါတိုင်သည် ညအခါ အချက်ပြမီးတို့ဖြင့် လင်းလက်နေ၏။ ယခုအခါ ခရိုင်မြို့အဖြစ် သတ်မှတ်ခံရပြီးဖြစ်၍ မြို့အနီး လေးမိုင်အကွာ ရှိ ကျေးရွာနှစ်ရွာကို မြို့ဧရိယာအတွင်း ပေါင်း စည်းကာ ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးလာ စေရန် တည်ဆောက်နေပြီဖြစ်၍ မကြာမီ ကာလတစ်ခုတွင် ခရိုင်မြို့အသွင်ဖြင့် ဖွံ့ဖြိုး ဝေဆာလာတော့မည့် မတူပီဟု ညွှန်းဆိုလိုက် ပါရစေ။

 

မိုးပိတောင်

 

မင်းတပ်-မတူပီလမ်းခရီးမှာ မိုးပိတောင် ကမ်းပါးကို ခက်ခဲစွာဖောက်လုပ်ထားသော လမ်း ဖြစ်ပါသည်။ မိုးပိတောင်သည် ချင်းပြည်နယ် တောင်ပိုင်းတွင် ခေါနူးစုမ်(ခေါ်) ဝိတိုရိယ (ခေါ်) နတ်မတောင်မှလွဲလျှင် အမြင့်ဆုံးတောင် ဖြစ်သည်။ ကားလမ်းဘေးတောင်ကမ်းပါးယံ တို့မှာ အသူတစ်ရာနက်ရှိုင်းလွန်းလှပေသည်။ ဤလမ်းသည် သစ်ပင်ကို ရစ်ပတ်နေသည့် မြွကြေီးကဲ့သို့ လဲလျောင်းနေပါသည်။

 

ယခင်က ဤခရီးလမ်းသည် နွေရာသီတွင် သာ သွားလာ၍ရသည်။ မိုးကျပြီဆိုလျှင် တူးမနိုင် သယ်မရလောက်အောင် မြေများပြိုကျတတ် ပါသည်။ သို့နှင့် မိုးအခါခြေကျင်သွားရသည်က များသည်။ ကားဖြင့်သွားမည်ဆိုပါက ပေါက်ပြား၊ ဂေါ်ပြား၊ ရိက္ခာအပြည့်အစုံနှင့် သွားရသည်။ လမ်းအပေါ်ဘက်သို့ မော့ကြည့်လျှင် လိမ့်ပြိုလု မတတ်ရှိသော ကျောက်တုံးကြီးများကို ရင်ဖိုစွာ လှမ်းမြင်ရသည်။ လမ်းအောက်ပိုင်းသို့ ကြည့်ပြန် လျှင် တောင်ခြေရင်း စီးဆင်းနေသည့် လေးမြို့ မြစ်ကို ခပ်ရေးရေးမျှသာ လှမ်းမြင်ရသည်မှာ အသည်းယားစရာ။

 

အချို့ခရီးသည်အမျိုးသမီးများ ထိုနေရာသို့ ရောက်လျှင် ကားပေါ်မှဆင်း၍ ခြေကျင်ဖြင့်သာ လျှောက်တတ်ကြသည်။ ကားဘော်ဒီလမ်း နှုတ်ခမ်းကျော်ဖြတ်ပုံကို ကြည့်လျှင် လေယာဉ် ပြတင်းပေါက်မှ အောက်ဘက်သို့ ငုံ့ကြည့်သလို ပင်။ ကြောက်ခမန်းလိလိ။ အသည်းယားရင်ဖို စရာများဖြင့် ပြည့်နှက်နေဘိ။ ချင်းဘိုးဘွား ဘီဘင်တို့က 'မိုးပိတောင်' ဟုခေါ်ဆိုထားဟန် တူပါသည်။ တိုက်ရိုက်အဓိပ္ပာယ် ပြန်ရမည်ဆိုလျှင် 'သေမင်းတောင်'ဟုပင် ပြန်ဆိုရမည့် အခြေ အနေတွင် ရှိခဲ့ပါသည်။

 

လျှို့ဝှက် ပုန်းအောင်း  တိတ်ဆိတ်ခဲ့ရသည့် 'ဘုံတလာ'

 

ဘုံတလာရေတံခွန်၏ ထူးခြားဆန်းကြယ် သော သဘာဝအလှတို့သည် လျှို့ဝှက်ခဲ့သည်။ ပုန်းအောင်းခဲ့သည်။ တိတ်ဆိတ်ခဲ့ရသည်မှာ အမှန်ပင်။ တစ်ချိန်တစ်ခါက သူ၏အလှအပ ရင်ခွင်သို့ မျှော်လင့်ကြီးစွာ အပန်းဖြေဖို့ ရောက် ချင်လှသူတို့ကိုပင် နွေးထွေးစွာ ကြိုဆိုခွင့် မရရှိ ခဲ့သည့် အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးပါသည်။

 

လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်ခန့်က ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက် အဖွဲ့မှကြီးကြပ်သူ ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားပေါင်း ၁၆ဝ ခန့်တို့ သည် ဤဘုံတလာရေတံခွန်သို့ လေ့လာရေး ခရီးထွက်ခဲ့ဖူးပါသည်။

 

ဤအဖွဲ့သည် ရန်ကုန်မှခရီးစတင်ထွက်ခဲ့ ပြီး ၁၂-၄-၈၁ ရက်နေ့တွင် မင်းတပ်သို့ ရောက်ရှိ ခဲ့ပါသည်။ သို့နှင့် ၁၃-၄-၈၁ ရက်နေ့တွင် ဤလေ့လာရေးအဖွဲ့အား နွေးထွေးစွာ ကြိုဆိုရန် မတူပီမြို့ တစ်မြို့လုံးလိုလိုပင် လှုပ်လှုပ်ရှားရှား ရှိနေကြပါသည်။ ဤအဖွဲ့သည် မင်းတပ်မှ မတူပီသို့ ဟီးနိုးကားသုံးစီးဖြင့် ခရီးဆက်ကြ သည်။ ရှေ့ကားနှစ်စီးက မင်းတပ်-မတူပီလမ်း မိုင် ၆ဝ သို့ပင် ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။ နောက်ကားတစ်စီးမှာ မိုင် ၄ဝသို့ အရောက်တွင် ပင် မိုးချုပ်နေပါပြီ။ ရှေ့ကားနှစ်စီးနောက် ဆက်မလိုက်တော့ဘဲ ထိုနေရာတွင်ပင် ညအိပ် ရပ်နားကြသည်။ ကားပေါ်တွင် ပစ္စည်းစောင့် အဖြစ် ခေါင်းဆောင်သုံးဦးကို စောင့်အိပ်စေ သည်။ ကားကို လမ်းဘေးကမူလေးတွင် အကျအနကြမ်းတုံးခု၍ ရပ်တန့်ထားသည်။ တောင်တက်အဖွဲ့များ တောင်ပေါ်လမ်းကြမ်း၏ အခုန်အပျံ အကွေ့အကောက်ကြောင့် အင်အား နွမ်းနယ်လျက် အိပ်မောကျနေလေပြီ။ မကြာပါ။ ကံကြမ္မာဆိုးဝင်လာပါသည်။ ကားရပ်ထားပါလျက် ကားစက်နှိုးသံလိုလိုကြားရတော့ သည်။ အိပ်မက်လေလားဟုပင် ထင်မှတ်ခဲ့ သည်။ အဘယ်ကြောင့်နည်း။ အသိနောက်ကျ ခဲ့ပါပြီ။ ကားမှာ လမ်းအောက်ဘက်သို့ တစ်ဟုန် ထိုးကျလေတော့သည်။ ကားပေါ်တွင် အိပ်နေ သော ခေါင်းဆောင်သုံးဦးအနက် နှစ်ဦးမှာ ကမန်း ကတန်း ခုန်ချလိုက်နိုင်၏။ သို့သော် မသက်သာ လှပေ။ တစ်ယောက်သောသူမှာ ခုန်ချဖို့ အချိန် မရခဲ့ချေ။ ကံဆိုးရှာခဲ့ပြီ။ နိုင်ငံတော်၏ အဖိုးတန် သားကောင်းရတနာတစ်ဦး ဆုံးရှုံးခဲ့ရသည်။

 

ဤအဖြစ်အပျက်ကြောင့် တောင်တက်အဖွဲ့ က အမျှော်လင့်ကြီး မျှော်လင့်၍ ရောက်ချင်လှ သော မတူပီမြို့နှင့် မတူပီမြို့အနီးရှိ ဘုံတလာ ရေတံခွန်ကို လေ့လာဖို့အခွင့်မသာခဲ့တော့ပေ။ လေ့လာရေးခရီးစဉ်ကို ထိုနေရာမှပင် ရုပ်သိမ်း ခဲ့ကြရပေသည်။ ယခင်တစ်ချိန်က ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့ပြီး ခရီးမတွင်၊ လမ်း မပေါက်၊ လမ်းပန်းသွားလာရေး လွယ်ကူချောမွေ့ မှု မရှိခဲ့ခြင်းတို့၏ အကျိုးဆက်ဟု ဆိုရပါမည်။

 

ယခုအခါ ဤသို့မဟုတ်ချေပြီ။ တောင်ပေါ် မြေပြန့် မြို့ပြအားလုံး ဟန်ချက်ညီညီ အသွင် သစ်၊ အမြင်သစ်တို့ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့လေပြီ။ ဤသို့ဖွံ့ဖြိုးတိုးတက်ခဲ့မှုနှင့်အတူ ပြည်နယ်/ တိုင်းဒေသကြီးချင်းဆက်၊ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်းများကိုလည်း ချဲ့ထွင် ဖောက်လုပ်ပေးထားပါသည်။ ထို့ကြောင့် ပခုက္ကူ-မတူပီ လမ်းမှာလည်း ကတ္တရာလမ်းအဖြစ်သို့ ပြောင်းလဲခဲ့ပေပြီ။ ဤသို့အပြောင်းအလဲကြီး ပြောင်းလဲခဲ့မှုတို့ကြောင့် ယခင်က ပခုက္ကူမှ မတူပီသို့ သုံးလေးရက် ခရီးဖြင့် သွားလာခဲ့ရာမှ ယခုအခါ နေ့ချင်းပေါက်သွားနိုင်ပါပြီ။ ဤခရီး သွားလမ်းသာ၍ လာလမ်းဖြောင့်နေပါပြီ။

 

လည်မြိုအစ ဘုံတလာက

 

ဘုံတလာရေတံခွန်သည် မတူပီမြို့အနီးတွင် ရှိသည်။ မတူပီမြို့ပေါ်မှ မြောက်ဘက်သို့ လှမ်း ကြည့်လိုက်လျှင် မှိုင်းညို့ ညို့တောင်များအကြား ကျောက်တောင်ပေါ်မှ ဖြာကျလာသည့် ရေတံခွန် ကို တွေ့မြင်နိုင်ပါသည်။ ဘုံတလာရေတံခွန် သည် ချင်းပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်း သည့် လေးမြို့မြစ် မြစ်ဖျားခံရာ ရေတံခွန်ကြီး လည်းဖြစ်ပေသည်။ လေးမြို့ကို ချင်း တိုင်းရင်းသားတို့အနေဖြင့် 'လည်မြို'ဟု ခေါ် ပါသည်။ ထို့ကြောင့် 'လည်မြိုအစ ဘုံတလာ'ဟု ဆိုစမှတ်ပြုကြပါသည်။

 

ဘုံတလာအလှရှုမဝ

 

မတူပီမြို့၏ ကျက်သရေဆောင်ဘုံတလာ ရေတံခွန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄ဝဝဝ ကျော်တွင်တည်ရှိသည်။ အဝေးက ကြည့်လျှင် အပေါ်ဆုံးအဆင့်သုံးဆင့်ကိုသာ မြင်ရသည်။ အောက်ပိုင်းမှအရေးကြီးသည့် အဆင်ထူးခြားသည့် သဘာဝအလှတို့ကို မမြင်ရ။ ထို့ကြောင့် ရောက်ဖူးသူအချို့မှာ အဝေးကသာလှမ်းကြည့်ကြသဖြင့် အတွင်းပိုင်း အနေအထား လေးလေးနက်နက် မသိရှိ ကြပေ။ အတွင်းပိုင်းအလှအပနှင့် သဘာဝ ဆန်းကြယ်ပုံမှာ ထူးခြားဆန်းကြယ်၍ အံ့သြ ဖွယ် ကောင်းလှပါသည်။

 

ဘုံတလာရေတံခွန်သို့ ယခင်က မတူပီမြို့ မှ ၉မိုင်ခရီးကို ခြေကျင်သွားရပါသည်။ မတူပီမှ ဖနိုင်းရွာ၊ ဖနိုင်းရွာမှ ထီးစောင်းရွာထိသွားရ သည်။ ထီးစောင်းရွာတွင် စခန်းချ၍ လေ့လာ ရေးကို ပြုလုပ်ကြရပါသည်။ အသွားလမ်းမှာ တောင်ပေါ်ခြေကျင်လမ်းဖြစ်၍ လူတစ်ကိုယ် စာသာ သွား၍ရသော လမ်းကြမ်းဖြစ်သည်။ အစပိုင်းတွင် အနည်းငယ်မတ်စောက်သော် လည်း တောနက်ကြီးထဲသို့ ရောက်သောအခါ မတ်စောက်ခြင်းမရှိတော့ပေ။ ဆယ်မိနစ်ခန့် အကြာတွင် ဘုံတလာရေတံခွန်ခြေရင်းကို ရောက်နိုင်သည်။ ထိုနေရာရောက်ရှိမှသာလျှင် ဘုံတလာ၏အလှကို အနီးကပ်လေ့လာနိုင်ပါ သည်။

 

မတူပီမြို့ပေါ်မှ အဆင့်သုံးဆင့်ကိုသာ မြင်ရသော်လည်း ဤနေရာမှ အနီးကပ်လေ့လာ သောအခါ အဆင့် ခုနစ်ဆင့်ရှိသည်ကို တွေ့ရ သည်။ အဆင့်တိုင်းအဆင့်တိုင်းတွင် စိတ်ဝင်စားဖွယ်ရာမြင်ကွင်းများ၊ ထူးခြားချက် များ ကိုယ်စီရှိပါသည်။ ကျောက်တုံး ကျောက် ဆောင်ကြီးများထူထပ်သည်။ ကျောက် ဆောင်များပေါ်မှ ဧရာမရေလုံးများ ရေပန်းကဲ့ သို့ လွင့်စဉ်သွားပုံမှာ မြင်ရသူတို့အဖို့ လှပ ကြည်နူးမှုကို ခံစားကြရသလို သည်းထိပ်ရင်ဖို စရာလည်း ကောင်းလှပါသည်။ အောက် ကြမ်းပြင် ရေအိုင်မှာလည်း ကျောက်ဆောင် များကို ထွင်း၍ ဝပ်နေပါသည်။ အသည်းယား စရာ၊ ရင်ဖိုစရာကောင်းလောက်အောင်ပင် ရေထုမတ်စောက် နက်ရှိုင်းသည်။

 

အဆင့်တစ်ဆင့်နှင့်တစ်ဆင့် ပေ ၁ဝဝ ခန့်စီ မြင့်သည်။ အောက်မှနေ၍ ရေတံခွန်စီးကျလာ ရာ အပေါ် ဘက်သို့ မော့ကြည့်ပါမူ မြင့်မားသော ကျောက်ဆောင်များအောက်တွင် တွယ်ကပ်နေ သော ပျားအုံကြီးများကို အစီအရီ တွေ့ရသည်။ ပျားအုံများမှာ မရေမတွက်နိုင်အောင် များပြား လှသည်။ ရေတံခွန်မှရေစီးကျသံနှင့်အပြိုင် ပျားပိတုန်းများတဝီဝီ ပျံသန်းနေသည့်အသံကို ကြားရသည်။ သူတို့စွန့်ပစ်သည့် အညစ် အကြေးများသည်ပင် မိုးဖွဲနှယ်ကျလာသည်ကို တွေ့မြင်ရသည်။

 

ဘုံတလာသည် ကြည်လင်၏။ အေးမြ၏။ ချိုသောအရသာရှိ၏။ သောက်သုံးသူတို့အား ကျန်းမာရွှင်လန်းစေနိုင်၏။ ဘုံတလာမွေးထုတ် ပေးသော လေးမြို့မြစ်သည် သူ၏ဝဲယာတစ်ခွင် ပျော်မွေ့သူတို့အား အကျိုးပြု၏။ နွေရာသီတွင် သူ၏ရင်ခွင်ရိပ်တွင် နားခိုသူ၊ အပန်းဖြေသူ၊ လေ့လာသူများဖြင့် စည်ကားနေတတ်၏။

 

ဤသို့သော သဘာဝအလှများကို ပိုင်ဆိုင်ထားသည့် ဘုံတလာသည် မလျှို့ဝှက်နိုင်တော့ပါ။ မပုန်းအောင်းနိုင်တော့ပါ။ မတိတ်ဆိတ်နိုင် တော့ပါ။ ယခုအခါ ဘုံတလာရေတံခွန်တွင် လေ့လာအပန်းဖြေနိုင်ဖို့ မတူပီမှသည် ဘုံတလာ ရင်ခွင်ဆီသို့တိုင် လမ်းများချဲ့ထွင်ဖောက်လုပ် ပြီးစီးခဲ့ပါပြီ။ ရင်ခွင်ရိပ်သို့ နားခိုအပန်းဖြေသူ တို့အတွက် ရေကန်အသင့် ကြာအသင့်ဆို သလို လှပသပ်ရပ်သော တည်းခိုဆောင်များ၊ ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များဖြင့် အသွင်သစ်၊ အမြင်သစ် မြင်ကွင်းများကို ဖန်တီးကာ ဆွဲဆောင်လျက်ရှိ ပါသည်။ သို့နှင့် ချင်းတိုင်းရင်းသားတို့၏ ဓလေ့ ရိုးရာ တောင်ပေါ်ခေါင်ရည်ချိုမြမြဖြင့် ဧည့်ဝတ် ပျူငှာမှုနှင့်အတူ ဘုံတလာ၏ ရှုမောဖွယ် အလှကို ခံစားရင်းအပန်းဖြေနိုင်ဖို့ ဖွံ့ဖြိုးဝေစည် မတူပီနှင့် ရေလွှာစီဖြာဘုံတလာသို့ တစ်ခါ တစ်ခေါက် အဆွေရောက်ဖို့ ကြိုထောက် အသင့်ပြင်ဆင်နှင့်လျက် ယခင်နှင့်မတူ တမူ ပြောင်းကာ အသွင်သစ်၊ အမြင်သစ်များဖြင့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိနှင့်ပြီးဖြစ်၍ ခွန်းဆင့်ဖိတ်ခေါ်လိုက်ပါရစေ။


ကျော့မောင်မောင်(ဥပဒေ)

 

ge 52630626_20