ကော့ကရိတ် ၂၄ ဒီဇင်ဘာ
International Fertilizer Development (IFDC)၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် (မိဘမေတ္တာ) စိုက်ပျိုးရေး သွင်းအားစု အရောင်းဆိုင်တို့ ပူးပေါင်းအကောင်အထည်ဖော်သော ဖရဲသီးနှံ မြေဩဇာ အမျိုးအစား ယှဉ်ပြိုင် စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းတွင် လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြပတိုင်ကျေးရွာအုပ်စု၊ လန်းခိုဘိုင်းကျေးရွာရှိ တောင်သူ ဦးထွန်း၏ ဖရဲစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူးလေထီးက ဖရဲသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် GAP စနစ် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်က ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဈေးကွက်ဝင်သည့် ဖရဲ၊ သခွား၊ သခွားမွေးများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံစိုက်ပျိုးနည်း စနစ်များအကြောင်း ရှင်းလင်းပြောကြား၍ IFDC အဖွဲ့တာဝန်ခံ ဒေါ်သီရိအောင်မှ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးပညာပေးလုပ်ငန်းများ၊ (မိဘမေတ္တာ) စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်ပိုင်ရှင် ဒေါ်ရင်ရင်အေးမှ စမ်းသပ်ကွက်အတွက် ကူညီထောက်ပံ့ပေးမှု အခြေအနေများ၊ စံပြစိုက်ခင်းပိုင်ရှင် တောင်သူဦးထွန်းက ဖြစ်ထွန်းအောင်မြင်ခဲ့သည့် ဖရဲစိုက်ပျိုးပုံ အတွေ့အကြုံနှင့် လုပ်ဆောင်ပုံများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများမှ သိရှိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးကြပြီး စံပြကွင်း လက်တွေ့လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဖရဲစံပြကွက် လက်တွေ့ပြသပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ IFDC အဖွဲ့ဝင်များ၊ (မိဘမေတ္တာ) စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်မှ ဝန်ထမ်းများ၊ ကျေးရွာများမှ ဒေသခံ တောင်သူများ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)


