ဖရူဆို၊ ၁၁ ဇန်နဝါရီ
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ကုန်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဒေသတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများတွင် စားသုံးသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် ကုန်ပစ္စည်းတွင် ပါဝင်ရမည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် သုံးစွဲပုံ သုံးစွဲနည်းအညွှန်းများ ပါရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့မဈေးတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများတွင် တားမြစ်ဆိုးဆေးပစ္စည်းများ၊ တားမြစ်တာရှည်ခံပစ္စည်းများ ပါဝင်မှုမရှိစေရေးအတွက် စားသောက်ကုန် ပစ္စည်း(၁၉)မျိုး နမူနာကောက်ယူခြင်း၊ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးမှုဆောင်ရွက်ခြင်း၊ တားမြစ်ပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးဝါးများရောင်းချရာတွင် သက်တမ်းလွန် ဆေးဝါးများမဖြစ်စေရေး၊ ကုန်ပစ္စည်းအညွှန်း အမှတ်အသားတံဆိပ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး တားမြစ်ဆိုးဆေးပါဝင်သော စားသောက်ကုန်တစ်မျိုးနှင့် သက်တမ်းလွန်ဆေးဝါးတစ်မျိုးကို မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


