လွိုင်ကော်   ၁၀   ဇူလိုင် 

 

ကယားပြည်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် လျက်ရှိပြီး ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖော်ဆောင်လျက်ရှိသည့် ခရီးသွားလာရေး ကဏ္ဍအား ကိုဗစ်အလွန်ကာလတွင် အရှိန်အဟုန်မပျက် လည်ပတ်နိုင်စေရေးအတွက် အလေးပေး ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဇူလိုင် ၉ ရက်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖရူဆိုမြို့နယ်သို့ သွားရောက်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖရူဆိုမြို့နယ်၊ ရာဧပရာကျေးရွာနှင့် ထေခိုကျေးရွာ အကြားရှိ အလျားပေ(၆၀) ၊ အနံ(၂၄)ပေရှိ ကွန်ကရစ်ဖြင့် တံတားတည်ဆောက်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားအား သတ်မှတ်အရည်အသွေး ပြည့်မီရေး၊ ချောင်းရေဦးမှ ရေထိုးမှုခံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် မြေကာနံရံများ ခိုင်ခန့်မှုရှိရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထေခိုကျေးရွာသို့ ရောက်ရှိပြီး ကယောတိုင်းရင်းသား များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ထေခိုကျေးရွာ၏ ခရီးသွားဆွဲဆောင်မှု လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ CBT လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရိုးရာ ယဉ်ကျေးမှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ယဉ်ကျေးမှုပြခန်းအဆောင်သစ် ဆောင်ရွက် နိုင်ရန် အတွက် ရန်ပုံငွေပံ့ပိုးပေးရန် တင်ပြချက်အရ ငွေကျပ်သိန်း (၂၀) ထောက်ပံ့ပေးအပ်ခြင်း၊ ဒေသခံ ကယောတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့် မုန့်များပေးအပ်ခဲ့ပြီး ဘုရားကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုယာကျေးရွာသို့သွားရောက်ပြီး ဟိုယာကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာ(၅)ဦးအား တွေ့ဆုံ အားပေးခဲ့ပြီး အာဟာရအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှင့် အာဟာရမုန့်များ ထောက်ပံ့ ပေးအပ်ခြင်း၊ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၁၃) ဦးတို့ကို ငွေကျပ် ၁ ဒသမ ၃သိန်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟိုယာ−ဒိုမိုခို ကျေးရွာချင်းဆက် ကျောက်ချောလမ်း (၇)ဖာလုံ ဆောင်ရွက်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် ဟိုယာဘောလုံးကွင်းဖောက်လုပ်မှု ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး အပြီးသတ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ပေးသွားရန် လမ်းညွှန်မှာကြား၍ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုယာအထကကျောင်း ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုယာအနီး သစ်တောဦးစီးဌာနမှ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် ထင်းရှုးဧက (၅၀) စိုက်ခင်းအားလည်းကောင်း၊ ဖရူဆိုမြို့နယ်အတွင်းရှိ ခရီးသွား ဆွဲဆောင်မှု အထင်ကရနေရာတစ်ခုဖြစ်သည့် ဆင်ဖြူတောင် ရှုခင်းသာနေရာသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး ခရီးသွားဆွဲဆောင်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

အောင်ထွန်းလေး (ပြန်/ဆက်)