ဖရူဆို ၁၁ မတ်
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအကျိုးပြု လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းနှင့် အိမ်တိုင်ရာရောက် ရေသွယ်ယူခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအား ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဦးဒေးဖဲနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က မတ်၁၀ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် ၅၂ ဒသမ ၅၉၈၄ သန်းဖြင့် ဒေါကူခူး-ဆိုလျားကူး-ဒေါညေးခူးကျေးရွာ လယ်ယာကုန်ထုတ်လမ်း အရှည်(၁/ဝ)မိုင်ပေါ်တွင် မြေနှင့်ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ကွန်ကရစ်တံတား(၁)စင်း၊ Slab Culvert (၁)စင်း၊ Pipe Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်ထောင်စု ရန်ပုံငွေကျပ် ၄၈ဒသမ၄၆သန်းဖြင့် ထီးသော်ကူး-ကဒါးလား-ဒေါညေးခူကျေးရွာ လယ်ယာကုန်ထုတ်လမ်း အရှည်(ဝ/၇)မိုင်ပေါ်တွင် မြေနှင့်ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းနှင့် Slab Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ နန်းခွီးခိုကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ မိုဆိုကျေးရွာ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ထီးပေါ်ဆိုကျေးရွာ အိမ်တိုင်ရာရောက် ရေသွယ်ယူခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားဆွေးနွေးခဲ့သည်။
အဆိုပါ ကျေးရွာနှစ်ရွာရှိ လယ်ယာကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက လယ်မြေဧက (၂၀ဝ)ခန့်နှင့် လယ်မြေဧက(၃၀ဝ)ခန့် အကျုးပြုမည်ဖြစ်ပြီး စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းနှင့် အိမ်တိုင်ရာရောက်ရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါကလည်း ယင်းကျေးရွာများရှိ ပြည်သူများအနေဖြင့် ရာသီမရွေး ရေလုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်