ဖရူဆို ၁၀ နိုဝင်ဘာ
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိန်းအမှတ် အကြိုလှုပ်ရှားမှု ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းထက်ထက်လွင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျရောက်မည့် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိန်းအမှတ် (UNCRC Day) အကြိုလှုပ်ရှားမှုအတွက် ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းမခံရအောင် ကလေးသူငယ်များ၏ ရပိုင်ခွင့်အခွင့်အရေး၊ CRC Law ပါ ကလေးများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို သိရှိလိုက်နာစေရန် ရည်ရွယ်၍ ရပ်ကွက်ကျေးရွာများတွင် အသက် ၁၈ နှစ်အောက်ကလေးများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာများကို ပညာပေးဆွေးနွေးပြီး ပြိုင်ပွဲများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်ပြောကြား သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီလုပ်ဆောင် ပေးရမည့် အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါအကြိုလှုပ်ရှားမှုအတွက် နိုဝင်ဘာ ၁၁ ရက်၊ ၁၂ ရက်တို့တွင် ထီးတရဲရပ်ကွက်နှင့် ထီးကလူဒေါကျေးရွာတို့မှ အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၁၅)ဦးစီကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ပညာပေးဆွေးနွေးခြင်းနှင့် ကလေးများဗဟုသုတရရှိစေမည့် ပြိုင်ပွဲများ ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)


