မန္တလေး ၂၈ ဧပြီ

 

လူရွှင်တော် ၅ ဦးပါဝင်သည့် အင်ပါယာဆိုတဲ့ လူရွှင်တော်အဖွဲ့က လူရွှင်တော် ဦးကောင်းကျော်ရဲ့ ပရဟိတ လုပ်ငန်း လုပ်ကိုင်နေမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ အင်ပါယာ အဖွဲ့တွင် လူရွှင်တော်ကောင်းကျော်၊ ဝိုင်းချစ်၊ ချာလီ၊ ဇာနည် နဲ့ ရဲထက် တို့ ငါးယောက် နဲ့ ပေါင်းစုဖွဲ့စည်းထားပြီး အနုပညာလှုပ်ရှားနေတာဖြစ်ပါတယ်။ လူရွှင်တော် ဦးကောင်းကျော်နှင့် မေးမြန်းဖြစ်တဲ့အထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 

မေး။ ။ အနုပညာအလုပ်ရော ပရဟိတ အလုပ်တွေပါ လုပ်နေတာ တွေ့ရပါတယ်။ ပရဟိတ လုပ်ကိုင်နေတဲ့ အကြောင်း ပြောပြပေးပါရှင်။

 

ဖြေ။ ။ အရင်တုန်းကတော့ ပရဟိတဆိုတဲ့ သဘောတရားလေးကို နားမလည်ခဲ့ဘူး။ အခုတော့ ကိုယ်ဖြတ်သန်း ရတဲ့ အတွေ့အကြုံရယ်၊ ကိုယ်ရောက်လာတဲ့ အသက်အရွယ် ရယ်ပေါ်မူတည်ပြီး ကိုယ်တတ်နိုင်တဲ့ အများအကျိုးအတွက် လုပ်ချင်တဲ့စိတ်လေးတွေ ပေါ်လာလို့ တတ်နိုင်သလောက်လေးကို ဆောင်ရွက်နေတာပါ။

 

မေး။ ။ လက်တလော လုပ်ဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေ ရှိလား။

 

ဖြေ။ ။အခုလတ်တလော လုပ်နေတာက မကြာခင်ကဖြစ်သွားတဲ့ ဇာတ်သဘင်ဇာတ်ကား တိမ်းမှောက်မူတွေအတွက် အလှူရှင်တွေလည်း လှူကြတယ်။ အဲဒီကို ကိုယ်တိုင်အရောက်သွားပြီးတော့ အဖွဲ့အစည်းတွေနဲ့ သွားလှူတယ်။ ပြီးတော့ တချို့ နာမကျန်းဖြစ်နေတဲ့ သဘင်အနုပညာရှင်တွေ အတွက်လည်း ထောက်ပံ့မူတွေ၊ ကူညီမူတွေ ဆောင်ရွက်နေတယ်။ ပြီးတော့ က ပြတဲ့နေရာမှာ၊ ဖျော်ဖြေတဲ့နေရာတိုင်းမှာလည်း အဖွဲ့တွေနဲ့ သဘင်အတွက် အလှူခံတွေ ထွက်ဖြစ်တယ်။ ရသမျှကို တတ်အားသရွေ့၊ လက်လှမ်းမီသရွေ့ ကဏ္ဍလေးတွေကို အစ်ကိုတို့ အနုပညာအသိုင်းအဝိုင်းကနေ စုပြီးတော့ ပရဟိတ လုပ်ငန်းတွေ လုပ်နေပါတယ်။

 

မေး။ ။ လူရွှင်တော်အသင်းမှာလည်း ပါဝင်တယ်ဆိုတော့ လူရွှင်တော်အသင်းရဲ့ ဆောင်ရွက်မှုကိုလည်း ပြောပြပေးပါ။

 

ဖြေ။ ။လူရွှင်တော် အသင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သက်ကြီးလူရွှင်တော် ဆရာသမားတွေ၊ ဘိုးဘွားတွေကို တတ်နိုင်သမျှ ပူဇော်မယ်။ ကန်တော့မယ်။ တစ်နှစ်ကို တစ်ကြိမ်ဖြစ်ဖြစ်ပေါ့။ ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အရေးပေါ် ရေဘေး၊ လေဘေး၊ မီးဘေး စတဲ့ သဘာဝဘေးအန္တရာယ် တွေကြုံတွေ့လာရင်လည်း အစ်ကိုတို့ အသင်းအနေနဲ့  တတ်နိုင်သရွေ့ လှူတယ်၊ တန်းတယ်။ အဓိက အဲဒါတွေ လုပ်နေတာပေါ့။

ကျေးဇူးတင်ပါတယ်။

 

အိမို့မို့ခိုင်

ဓာတ်ပုံ- U kaung kyaw facebook