ဖုန်းအသုံးပြုသူများအား လိမ်လည်မှုများကို ပိုမိုသတိပြုနိုင်ရန် အော်ပရေတာလေးခု ပူးပေါင်းလုပ်ဆောင်

ရန်ကုန် ၁၂ အောက်တိုဘာ

မိုဘိုင်းဖုန်းအသုံးပြုနေသူများအား နည်းပညာကိုအသုံးပြု၍ နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြား နေမှုများနှင့် ပတ်သက်ပြီး အော်ပရေတာလေးခုလုံး၏ သုံးစွဲသူများ ပိုမိုသတိပြုမိစေရန်နှင့် လိမ်လည်မှုများကို ရှောင်ရှားနိုင်မည့် နည်းလမ်းများ၊အသိပညာများကို မျှဝေနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများဖြစ်သော MPT၊ အူရီဒူး၊ တယ်လီနောနှင့် MyTel တို့ အောက်တိုဘာ၉ ရက်က ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

 

ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများကို အသုံးတွင်ကျယ်လာသည်နှင့်အမျှ ဖုန်းများထဲတွင် အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပိုမိုသိမ်းဆည်းလာသလို မိုဘိုင်းဘဏ်စနစ် အက်ပလီကေးရှင်း များနှင့် ဖုန်းဖြင့်ငွေချေစနစ်များကို အသုံးပြုမှုလည်း ပိုများလာရာ ဖုန်းသုံးစွဲသူများအနေဖြင့် မိုဘိုင်းဖုန်းများမှ အရေးကြီးသည့်အချက်အလက်များကို မည်ကဲ့သို့ လုံခြုံစွာ ထိန်းသိမ်းရမည်ဆိုသည့် အသိပညာသည် ပို၍အရေးပါလာသောကြောင့် ယခုလို အသိပညာပေးမှုကို ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖုန်းသုံးသူများအား လိမ်လည်သည့် နည်းလမ်းများ

မိုဘိုင်းဖုန်းသုံးသူများအား လိမ်လည်ရာ၌ တွေ့ရများသည့် နည်းလမ်းအချို့မှာဖုန်းခေါ်ဆို၍ အရည်အသွေး နိမ့်သော (သို့မဟုတ်) လုံခြုံမှုနည်းသော ဖုန်းနှင့်ဆက်စပ်ပစ္စည်းများကို ဝယ်ယူစေရန် ဆွဲဆောင်ခြင်း၊ ဖုန်းခေါ်ဆိုခ အများအပြားကုန်ကျစေမည့်ဝန်ဆောင်မှုများအတွက် ဖုန်းခေါ်ဆိုစေခြင်း၊ ဈေးနှုန်းမြင့်မားသော ဝန်ဆောင်မှုများကို သုံးစွဲသူများ သတိမထားမိခင် ရယူမိစေခြင်းနှင့် ကိုယ်ပိုင် PIN နံပါတ် သို့မဟုတ် လျှို့ဝှက်နံပါတ်များကို လိမ်လည်လှည့်ဖြားရယူခြင်းများဖြစ်သည်။ အထက်ပါနည်းလမ်းများကဲ့သို့ မိုဘိုင်းဖုန်း သုံးစွဲသူများအား ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားမှု အမျိုးမျိုးရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း missed call များ ခေါ်ဆိုခြင်းနှင့် SMS မှ လင့်ခ်အမှားမျာ းပေးပို့ခြင်းတို့ဖြင့် လိမ်လည်လှည့်ဖြားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

 

Missed Call ဖြင့် လိမ်လည်လှည့်ဖြားခြင်းမှာ ဖုန်းအတွင်းသို့ Missed Call တစ်ခု ဝင်ရောက်လာပြီး ထိုနံပါတ်ကို ပြန်လည်ခေါ်ဆိုလိုက်ခြင်းဖြင့် ခေါ်ဆိုသူကိုယ်တိုင်မသိလိုက်ဘဲ ဈေးနှုန်းမြင့်ဝန်ဆောင်မှုတစ်ခုကို ရယူမိပြီး ဖြစ်နိုင်ကြောင်း၊ သတိပြုရန်မှာ ပြည်တွင်းခေါ်ဆိုမှုအသွင်ဖြင့် ဖုန်းဝင်လာပါက ဖုန်းကိုင်မိရန် အလားအလာပိုများသောကြောင့် လိမ်လည်လှည့်ဖြားသူများသည် ကွန်ပျူတာဆော့ဖ်ဝဲများဖြင့် Caller ID (နံပါတ်အတု) များဖန်တီးကာ ထိုအချက်ကိုအသုံးပြု၍ ဖုန်းခေါ်ဆိုမှုအတုများ ပြုလုပ်ကြကြောင်း အော်ပရေတာ များက သတိပေးထားသည်။

 

SMS မှတစ်ဆင့် link များပေးပို့၍ လိမ်လည်လှည့်ဖြားခြင်းတွင် ဘဏ်ကဲ့သို့သောတရားဝင် အဖွဲ့အစည်းတစ်ခုထံမှ ပေးပို့သည့်ပုံစံဖြင့် စာတိုများကို လက်ခံရရှိမည်ဖြစ်ပြီး ထိုစာများတွင် ဘဏ်သို့မဟုတ် အခြား အကောင့်များ၏ အချက်အလက်များကို ပိုမိုပြည့်စုံအောင်ဖြည့်စွက်ရန် (သို့မဟုတ်) အထူး လက်ဆောင်များ ရယူနိုင်ရန် (သို့မဟုတ်)အခြား အရေးကြီးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန်အတွက် စာတွင်ပါသည့် link မှတစ်ဆင့် ဝင်ရောက်ဖြည့်စွက်ရန်တိုက်တွန်းသည့် အချက်အလက်များ ပါဝင်တတ်သည်။ ထိုသို့ လုပ်ဆောင်ခိုင်းမှုအားလုံးမှာ စာတိုရရှိသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လိမ်လည် လှည့်ဖြားသူများထံသို့ တိုက်ရိုက်ပေးပို့စေခြင်းပင်ဖြစ်ကြောင်း၊ ဘဏ်နှင့် ဆက်သွယ်ရေးအော်ပရေတာ များအနေဖြင့် သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တောင်းခံခြင်းမပြုကြသည်ကို သတိပြု မိကြရန်အရေးကြီးကြောင်း၊ သံသယရှိလျှင် ဝန်ဆောင်မှုရယူထားသည့် ဘဏ်သို့မဟုတ် ကုမ္ပဏီများထံသို့ တိုက်ရိုက်ဖုန်းခေါ်ဆို၍ မေးမြန်းသင့်ကြောင်း အော်ပရေတာများက အကြံပြုထားသည်။

 

ကံစမ်းမဲပေါက်သည်ဟု အကြောင်းကြားသည့် လိမ်လည်မှုမျိုးတွင် ဖုန်းအသုံးပြုသူထံသို့ ဖုန်းခေါ်ဆို၍ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများရှိသဖြင့် အကောင့်ကိုစစ်ဆေးရန် သို့မဟုတ် ကံစမ်းမဲပေါက်သဖြင့် ဆုကိုလွှဲပြောင်းပေးရန် စသည်ဖြင့်အကြောင်းပြကာ ငွေကြေးဆိုင်ရာ အကောင့်အချက်အလက်များကို တောင်းယူခြင်းဖြစ်ပြီး ထိုအချက်အလက်များကို ပေးလိုက်မိပါက လိမ်လည်သူများက အလိမ်ခံရမည့်သူ၏ အကောင့်အတွင်းရှိ ငွေများကို လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

အော်ပရေတာများ၏ အကြံပြုချက်များ

ဖုန်းသုံးစွဲသူများအနေဖြင့် ဖုန်းမှတစ်ဆင့် လိမ်လည်ခံရခြင်းများမဖြစ်အောင်ကူညီရန်အတွက် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာ လေးခုလုံး အတူတကွပူးပေါင်း၍ အောက်ပါအချက် ၁၁ ချက်ကို အကြံပြုမျှဝေ ထားသည်။

 

၁။ သင့်ဖုန်းစနစ်အတွင်းသို့ အန္တရာယ်ရှိနိုင်သည့်အရာမျာုး ဝင်ရောက်စေနိုင်သောကြောင့် မယုံကြည်ရ သော (သို့မဟုတ်) မိမိမသိသည့် အရင်းအမြစ်များမှ အက်ပလီကေးရှင်းနှင့် ဖိုင်များ ထည့်သွင်းခြင်းကို ခွင့်မပြုပါနှင့်။ ဝင်ရောက်လာသည့်အရာသည် သင့်ကိုယ်ရေးကိုယ်တာ အချက်များကို ခိုးယူခြင်းဖြင့် လိမ်လည် သူများက သင်၏မိုဘိုင်းဘဏ်စနစ်ကို ဝင်ရောက်ခြင်း (သို့မဟုတ်) အဆင့်မြင့်ဝန်ဆောင်မှုများ ရယူသည့် ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 

၂။ သင်မသိသော ပြည်ပမှဖုန်းနံပါတ်နှင့် ဖုန်းခေါ်ဆိုခြင်း၊ အထူးသဖြင့် မျှော်လင့်မထားသော ပြည်ပမှ ဖုန်းခေါ်ဆိုခြင်းများကို ဖြေကြားခြင်းမပြုပါနှင့်။ ထိုကဲ့သို့ဖုန်းခေါ်ဆိုမှုမျိုးကို လက်ခံရရှိပါက ချက်ချင်း ဖုန်းချပါ။

 

၃။ အခြားတစ်ဖက်မှ ပြန်လည်ဖြေကြားသူမရှိဘဲ ဖုန်းကိုင်ထားရန်သာ ပြောကြားသည့် ခေါ်ဆိုမှုများကို ချက်ချင်း ဖုန်းချပါ။

 

၄။ သင်၏ Password  (သို့မဟုတ်) တစ်ခါသုံး Password (သို့မဟုတ်) PIN နံပါတ်များကို မိမိမသိသော ဖုန်းခေါ်ဆိုသူများအား မပေးပါနှင့်။ ဝန်ဆောင်မှုကုမ္ပဏီ အစစ်အမှန်များသည် မည်သည့်အခါမှ ထိုအချက်အလက်များကို တောင်းခံခြင်းမရှိပါ။ ဘဏ်အကောင့်/ချေးငွေကတ်/အမည်နှင့် လိပ်စာစသည့် ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်ကို မိမိမသိသောဖုန်းခေါ်ဆိုသူများအား မပေးပါနှင့်။

 

၅။ အကယ်၍ သင့်အနေနှင့် သံသယရှိပါက သင့်ဝန်ဆောင်မှုကုမ္ပဏီ၏ တရားဝင်ရုံးလိပ်စာ သို့မဟုတ် သုံးစွဲသူဝန်ဆောင်မှုဌာနသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။ အချက်အလက်အမှန်များကို ကုမ္ပဏီဝက်ဘ်ဆိုက် များတွင် တွေ့နိုင်သည်။

 

၆။ သင့်ဖုန်း သို့မဟုတ် tablet တွင် လျှို့ဝှက်စကားလုံး (Password) သို့မဟုတ် လျှို့ဝှက်ကုတ် နံပါတ်များ ထားရှိပြီး အသုံးမပြုသည့် အချိန်တိုင်းတွင် လော့ခ်ချထားပါ။

 

၇။ သင်၏ဖုန်း အခိုးခံရပါက သင်အသုံးပြုနေသည့် ဆက်သွယ်ရေးအော်ပရေတာကိုချက်ချင်း အသိပေးအကြောင်းကြားပါ။ အော်ပရေတာက သင်၏ ဆင်းကတ်ကိုအချိန်မီ ပိတ်လိုက်နိုင်ပါလိမ့်မည်။

 

၈။ မူလက မည်သူအသုံးပြုထားမှန်းမသိရသော SIM ကတ်များကို အသုံးပြုခြင်းသည် မိုဘိုင်းဖုန်း အသုံးပြု၍ လိမ်လည်ခြင်းကဲ့သို့သော ရာဇဝတ်မှုအမျိုးမျိုးကိုကျူးလွန်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာ စေနိုင်ပါသည်။

 

၉။ ဆင်းကတ်မှတ်ပုံတင်ခြင်း၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းသည် မိုဘိုင်းသုံးစွဲသူ အားလုံး၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်သည်။

 

၁၀။ သင်၏ဖုန်းကိုရောင်းချခြင်း (သို့မဟုတ်) အခြားသူထံပေးခြင်းများ ပြုလုပ်မည်ဆိုပါက သင်၏ အချက်အလက်များ အားလုံးကို factory rese ချ၍ ရှင်းလင်းပြီးမှသာ ပေးအပ်ရန် သတိထားပါ။

 

၁၁။ သင်ကိုင်ဆောင်သည့်ဖုန်းကတ်မှလွဲ၍ အခြားသောကတ်များကို သင့်မှတ်ပုံတင်အသုံးပြု၍ မှတ်ပုံတင်ခြင်းမပြုရန် သတိပြုပါ။ အကယ်၍ သင့်မှတ်ပုံတင်ဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်ကို အသုံးပြု၍ ရာဇဝတ်မှုများကျူးလွန်ပါက သင့်တွင်လည်း တာဝန်ရှိပါသည်။

 

သုံးစွဲသူတိုင်းတွင်လည်း တာဝန်ရှိ

သုံးစွဲသူများအား မိုဘိုင်းဖုန်းအသုံးပြု၍ လိမ်လည်ခြင်းများမှ ကာကွယ်ရန်မှာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများ၏ အဓိကဦးစားပေးရမည့် ကိစ္စတစ်ရပ်လည်းဖြစ်သလို အသုံးပြုသူများအနေဖြင့်လည်း ထိုသို့ လိမ်လည်လှည့်ဖြားနေမှုများကို ခွဲခြားသိရှိနိုင်စေရန်နှင့် ကာကွယ်ရန် နည်းလမ်းများကို သိရှိနားလည်ထားရန်မှာလည်း အရေးကြီးကြောင်းနှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များလုံခြုံအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သုံးစွဲသူတိုင်းတွင်လည်း တာဝန်ရှိကြောင်းအော်ပရေတာများက သတင်းထုတ်ပြန်ထားသည်။

သူရဖြိုး