ဖုန်ကန်ရာဇီရေခဲတောင် တက်ရောက်မည့် မိတ္ထီလာခြေလျင်နှင့်တောင်တက် အသင်းဝင်များအား အောင်နိုင်ရေးအလံပေးအပ်

မိတ္ထီလာ  ၁  မတ် 

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းတည်ရှိသည့် ဖုန်ကန်ရာဇီရေခဲတောင် တက်ရောက်မည့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို မတ် ၁ နံနက် ၁၀ နာရီက မိတ္ထီလာမြို့ရှိ ကမ်းလက်သင်တန်းကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

ရှေးဦးစွာ ဖုန်ကန်ရာဇီရေခဲတောင်တက်ရောက်မည့် မိတ္ထီလာခြေလျင်နှင့်တောင်တက်အသင်းသားများအား အသင်းနာယကအဖွဲ့ဝင် ဒေါ်နီလာဝင်း၊ ကမ်းလက်များပရဟိတအဖွဲ့(မိတ္ထီလာ)ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်း၊ မြို့မိမြို့ဖ ဦးဂျော်ဂျီ၊ ရန်အောင်မြင်လူမှုရေးအသင်းမှဦးအောင်ဆန်း၊ တောင်တက်အသင်းမှ အသင်းဝင် ဦးအောင်ကြိုင်တို့က အားပေးစကားပြောကြားသည်။ ဆက်လက်၍ ကမ်းလက်များပရဟိတအဖွဲ့(မိတ္ထီလာ) ၏ အောင်နိုင်ရေးအလံနှင့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း၏ အောင်နိုင်ရေးအလံတို့ကို တောင်တက်အသင်း ကိုနိုင်မင်းရှိန်နှင့် တောင်တက်အသင်း၏ သတင်းပြန်ကြားရေးတာဝန်ခံ ကိုထွန်းလွင်ထံသို့ တာဝန်ရှိသူများက ပေးအပ်သည်။

 

ထို့နောက် ဖုန်ကန်ရာဇီရေခဲတောင်ပေါ်သို့ တက်ရောက်မည့် တောင်တက်အသင်းဝင် ၂ဝ ဦးထံသို့ တူညီဝတ်စုံများကို Revicon အားဆေးမှ တာဝန်ရှိသူများက ပေးအပ်ပြီး တောင်တက်မည့် အသင်းဝင်များထဲမှ အသက်အရွယ်အကြီးဆုံး အသင်းဝင်ဖြစ်သည့် ဦးဝင်းရှိန် ၇၁ နှစ် က ကျေးဇူးတင်စကား ပြောကြားသည်။

 

ဖုန်ကန်ရာဇီရေခဲတောင် အမြင့် ၁၁၉၂၀ ပေ သို့ မိတ္ထီလာခြေလျင်နှင့်တောင်တက်အသင်းအနေဖြင့် ပထမဆုံးတက်ရောက်ခြင်းဖြစ်ပြီး၂၀၁၈ ဖေဖော်ဝါရီလအတွင်းက ၎င်းရေခဲတောင်တက်ခရီးအခြေအနေအား သိရှိနိုင်ရန် တောင်တက်အသင်းဝင်ဦးနှစ်ဦးဖြစ်သည့် ဒေါက်တာမြတ်မင်းနှင့် ကိုနိုင်မင်းရှိန်တို့ ကနဦးလေ့လာတက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ)