၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) ကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ဇယားထိပ်ပိုင်းမှ အသင်းများ နိုင်ပွဲကိုယ်စီရခဲ့သော်လည်း တတိယနေရာအတွက် လိုက်လံဖိအားပေးနေသည့် မြို့မ YTD အသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

ပွဲစဉ် (၁၉) တွင် GV Athletic အသင်းက MFF ယူ-၁၉ အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ AMM အသင်းက မြို့မ YTD အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ White Colour အသင်းက Comrade အသင်းကို ငါးဂိုး-သုံးဂိုး၊ VUC အသင်းက ရွှေမြဝတီအသင်းကို ၁၈ ဂိုး-တစ်ဂိုး၊ MIC အသင်းက Titan XII အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ UPT အသင်းက PU အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် MIC နှင့် VUC အသင်းတို့မှာ ယခုတစ်ပတ်တွင်လည်း နိုင်ပွဲဆက်ခဲ့ပြီး တတိယနေရာအတွက် မျှော်လင့်ချက်ရှိနေသည့် နှစ်သင်းအနက် မြို့မ YTD အသင်း ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် သုံးမှတ်အသာရသွားသည့် GV Athletic အသင်း အခွင့်အရေးပိုကောင်းခဲ့သည်။ ပွဲစဉ် (၁၉) အပြီးတွင် MIC အသင်းက ၅၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး VUC အသင်းက ၅၄ မှတ်၊ GV Athletic အသင်းက ၃၉ မှတ်၊ မြို့မ YTD အသင်းက ၃၆ မှတ်၊ UPT အသင်းက ရမှတ် ၃၀၊ AMM အသင်းက ၂၇ မှတ်၊ ရွှေမြဝတီအသင်းက ၂၄ မှတ်၊ Comrade အသင်းက ၁၇ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၅ မှတ်၊ Titan XII အသင်းနှင့် PU အသင်းက ၁၃ မှတ်စီ၊ White Colour အသင်းက ၁၁ မှတ်ရရှိထားသည်။

ရဲရင့်ရှိုင်း