၂၀ မတ်
၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ MIC အသင်းက နှစ်ကျော့ပေါင်းရလဒ်ဖြင့် VUC အသင်းကို အသာရကာ ချန်ပီယံဆုရရှိသွားသည်။
ပွဲစဉ် (၂၂) တွင် Titans XII အသင်းက PU အသင်းကို ကိုးဂိုး-နှစ်ဂိုး၊ White Colour အသင်းက AMM အသင်းကို ရှစ်ဂိုး-ခြောက်ဂိုး၊ UPT အသင်းက Comrade အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ MFF ယူ-၁၉ အသင်းက ရွှေမြဝတီအသင်းကို ငါးဂိုး-လေးဂိုး၊ GV Athletic အသင်းက မြို့မ YTD အသင်းကို လေးဂိုး-တစ်ဂိုး၊ VUC အသင်းက MIC အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုပြိုင်ပွဲတွင် ရမှတ်တူပါက နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံးဖြတ်ရာ MIC အသင်းနှင့် VUC အသင်းသည် ၆၃ မှတ်စီတူညီသော်လည်း MIC အသင်းက နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
MIC အသင်းသည် ပထမအကျော့ အိမ်ကွင်းပွဲတွင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားပြီး ယခုဒုတိယအကျော့တွင် နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း MIC အသင်းက နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် MIC အသင်းက ပထမ၊ VUC အသင်းက ဒုတိယ၊ GV Athletic အသင်းက တတိယ၊ မြို့မ YTD အသင်းက စတုတ္ထ၊ UPT အသင်းက အဆင့် (၅)၊ AMM အသင်းက အဆင့် (၆)၊ ရွှေမြဝတီအသင်းက အဆင့် (၇)၊ Titans XII အသင်းက အဆင့်(၈)၊ Comrade အသင်းက အဆင့် (၉)၊ MFF ယူ-၁၉ အသင်းက အဆင့် (၁၀)၊ White Colour အသင်းက အဆင့် (၁၁)၊ PU အသင်းက အဆင့် (၁၂) ရရှိခဲ့သည်။ အကောင်းဆုံးကစားသမားဆုကို ငြိမ်းမင်းစိုး (VUC) နှင့် အကောင်းဆုံးဂိုးသမားဆုကို ကျော်ထက်အောင် (MIC)တို့က ရရှိသည်။ ဆုကြေးငွေများအဖြစ် ပထမဆုကျပ်သိန်း ၁၀ဝ၊ ဒုတိယဆုကျပ် ၇၅ သိန်း၊ တတိယဆု ကျပ်သိန်း ၆၀၊ စတုတ္ထဆု ကျပ်သိန်း ၄၀၊ ပဉ္စမဆု ကျပ် ၂၅ သိန်း၊ ဆဌမဆုနှင့် သတ္တမဆု ကျပ်သိန်း ၂၀ စီ၊ အဌမဆု ကျပ် ၁၅ သိန်း၊ နဝမဆု ကျပ် ၁၀ သိန်း၊ အဆင့် ၁၀ မှ ၁၂ အထိ ရရှိသည့်အသင်းများကို ကျပ်ငါးသိန်းစီ ပေးအပ်ချီးမြင့်ခဲ့သည်။
ဆုများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ
များက ပေအပ်ချီးမြင့်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF