၈ ဖေဖော်ဝါရီ


၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၀) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစား ပြိုင်ပွဲရုံ - ၂ လှိုင်၌ ဆက်လက်ကျင်းပရာ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် အသင်းများအနက် VUC နှင့် MIU နိုင်ပွဲဆက်ပြီး GV အသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ချန်ပီယံဆု မျှော်လင့်ချက်အဆုံးသတ်ကာ တတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။


ပွဲစဉ် (၂၀) တွင် ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲများ ပါဝင်ခဲ့ပြီး ထိပ်ဆုံးမှ VUC အသင်းသည် တတိယနေရာမှ GV အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် VUC အသင်းသည် ချန်ပီယံ မျှော်လင့်ချက်မှာ ပိုမိုအားကောင်းလာခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့သည့် GV အသင်းမှာမူ လက်ကျန်နှစ်ပွဲ အလိုတွင် ခုနစ်မှတ် ကွာဟသွားသောကြောင့် တတိယနေရာဖြင့်သာ ကျေနပ်ရတော့မည်ဖြစ်သည်။

 

ထိပ်ဆုံးမှ VUC အသင်း နိုင်ပွဲရခဲ့သလို လက်ရှိချန်ပီယံ MIU အသင်းမှာလည်း မြို့မ JY အသင်းကို ၁၀ ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ အမှတ်တူဖြင့် ဆက်လက်ဖိအားပေးလျက်ရှိသည်။ အခြားပွဲများတွင် MFF ယူ-၁၉ အသင်းက AMM Brothers အသင်းကို ငါးဂိုး-သုံးဂိုး၊ ဖူဆယ်ချစ်သူအသင်းက လက်ဝဲသုန္ဒရအသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရပြီး Winner အသင်းနှင့် On Doctor အသင်းတို့ တစ်ဂိုးစီသရေ၊ Dream Team နှင့် Do Do Ko Ko အသင်းတို့ ငါးဂိုးစီသရေကျခဲ့သည်။


ပွဲစဉ် (၂၀) အပြီးတွင် VUC နှင့် MIU အသင်းတို့ ၅၈ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏ နောက်တွင် GV အသင်းက ၅၁ မှတ်၊ On Doctor အသင်းက ၃၃ မှတ်၊ Winner အသင်းက ရမှတ် ၃၀၊ မြို့မ JY အသင်းက ၂၇ မှတ်၊ MFF ယူ-၁၉ အသင်းက ၂၅ မှတ်၊ Do Do Ko Ko အသင်းက ၂၃ မှတ်၊ Dream Team က ၂၂ မှတ်၊ AMM Brothers အသင်းက ၁၁ မှတ်၊ ဖူဆယ်ချစ်သူ အသင်းက ခုနစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်ရရှိထားသည်။

 

သတင်း-ရဲရင့်ရှိုင်း