သတင်းဆောင်းပါး-မြင့်မြတ်သစ္စာ

ဓာတ်ပုံ - ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

 

အေးမြသည့် ရေငွေ့တို့တိုး‌ဝှေ့မှုကြောင့် ကားအတွင်း အပူရှိန်လျော့ပါးလျက်ရှိရာ ခရီးသွားရသည်မှာ စိတ်အေးသက်သာ ရှိလှသည်။ မျက်စိတစ်ဆုံးမြင်တွေ့နေရသည့် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်များ သွားလာလျက်ရှိပြီး    ဟိုတစ်ကွက်  သည်တစ်ကွက် တိမ်ညိုတို့အုံ့ဆိုင်းလျက် မိုးဖွဲဖွဲရွာသွန်း နေသည့်အလှသည် မိုးရာသီ၏သရုပ်ကို ပေါ်လွင်စေလျက်ရှိသည်။ ယခုရက်ပိုင်း ရန်ကုန်မြို့တွင် မိုးမပြတ်ရွာသွန်းလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ အမြန်လမ်းမကြီး တစ်လျှောက် ကားလမ်းဝဲ/ယာ သစ်ပင်တန်းများမှာ မိုးဖွဲတို့ဆွတ်ဖျန်းထားမှုကြောင့်  စိမ်းစိုလျက်ရှိပြီး သစ်ပင်အချို့အောက်တွင်    ခရီးသွားယာဉ်အချို့ ရပ်တန့်၍ ခေတ္တအနားယူကြလျက်ရှိသည်။

 

အမြန်လမ်းမကြီး ဝဲဘက်တွင်ရှိသည့် အလယ်ရိုးမပေါ်တွင် မြူငွေ့များရစ်သိုင်းတွဲခိုလျက်ရှိပြီး နိုင်ငံ၏ သဘာဝ သစ်တောများ ကြွယ်ဝတည်ရှိနေမှုကို အမြန်လမ်းမကြီးမှ ဖြတ်သန်းသွားလာသူအ‌ပေါင်းအား   ဝင့်ကြွားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။ သစ်တောသစ်ပင်ပေါများမှုသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုမှန်ကန်မှုကို  ပြသခြင်းဖြစ်၍ နိုင်ငံ၏သစ်တောသစ်ပင်    ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေမှုကို ထိုတောင်တန်းများက သက်သေ ပြလျက်ရှိသည်။ ဖြူးမြို့သည် အမြန်လမ်း ၁၁၅ မိုင် အနီးတွင်တည်ရှိပြီး မိုးရာသီတွင်  မိုးကောင်းသော ဒေသဖြစ်၍ မိုးစပါးအောင်မြင်ဖြစ်ထွန်းရာ  ဒေသတစ်ခုလည်းဖြစ်သည်။ အလယ်ရိုးမမှ စီးဆင်းလာသောရေကို ဖြူးမြို့၏အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် ဖြူးချောင်းရေလှောင်တမံဖြင့် ထိန်းသိမ်းထားရှိပြီး နွေရာသီ၌ နွေစပါးများအတွက် ဆည်ရေများပို့လွှတ်ပေးနေသည့်အပြင် ရေအားလျှပ်စစ် ထုတ်၍ နိုင်ငံတော်ဓာတ်အားလိုင်း အတွင်းပို့လွှတ်ကာ ပြည်သူတို့လိုအပ်သော လျှပ်စစ် ဓာတ်အား ဖြည့်ဆည်းပေးရာ ဆည်တမံတစ်ခုလည်း ဖြစ်သည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အရှိန်မြှင့်တင်ဆောင်ရွက်

 

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီးအများစု၏ စီးပွား‌ရေးလုပ်ငန်းမှာ  လယ်ယာစိုက်ပျိုးရေးဖြစ်သည်။ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)၏ ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် ပြည်တွင်းစားရေရိက္ခာ ဖူလုံ၍ အာဟာရပြည့်ဝပြီး ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် ဖော်ဆောင်ကြိုးပမ်းရာ၌ တောင်သူတို့ ရာသီမပြတ် သီးထပ်စိုက်ပျိုးထုတ်လုပ်နိုင်မှု အပေါ်တွင် မူတည်လျက်ရှိသည်။ အထူးသဖြင့် စိုက်ပျိုးရေလိုအပ်ချက်ရှိသည့် နွေရာသီတွင် ဆည်တမံများ၏ အခန်းကဏ္ဍ သည် အထူးအရေးပါလျက်ရှိသည်။ ရာသီမပြတ် သီးနှံစိုက်ပျိုးနိုင်မှုသည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် ထုတ်ကုန်တန်ဖိုး တိုးမြှင့်ထုတ်လုပ်နိုင်မှုကို တိုက်ရိုက်ထိရောက်စွာ အကျိုးပြုလျက်ရှိရာ နိုင်ငံတစ်ဝန်း၌ တောင်သူတို့ အားပြုစိုက်ပျိုးလေ့ရှိသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန် ရေလှောင်တမံများသည်  တောင်သူတို့အတွက် အိုအေစစ်သဖွယ် အရေးပါလာခြင်းဖြစ်သည်။

 

ဆန်စပါးကို ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်

 

ပဲခူးတိုင်းဒေသကြီးရှိ ဖြူးမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရာသီအလိုက်သီးနှံများ လှိုင်လှိုင်ထွက်ရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးမှ စီးပွားရေးပွင့်လန်းရာ မြို့လည်းဖြစ်သည်။ ယခင်က မိုးစပါးနှင့် ဆောင်းသီးနှံကိုသာ အမီပြုခဲ့ရာမှ နိုင်ငံတော်ကဖော်ဆောင်ပေးခဲ့သည့် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း၏ အကျိုးကျေးဇူးဖြင့် တောင်သူများ ရာသီမရွေးစိုက်ပျိုးရေရရှိမှုကြောင့် ယခင်ကထက် စိုက်ပျိုးမွေးမြူရေးကို ပိုမိုအာရုံပြုလာကြခြင်းဖြစ် သည်။ ယခုလိုမိုးရာသီတွင် စပါးခင်းများ စိမ်းလန်း စိုပြည်လျက်ရှိပြီး ကြက်၊ ဝက်၊ ဘဲနှင့် ငါးမွေးမြူ ရေးလုပ်ငန်းများ ဟန်ချက်ညီမှုဖြင့် တိုင်းဒေသကြီးအတွင်း ဝမ်းစာဖူလုံစေသည့်အပြင် ဆန်စပါးကို ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီးတွင်ပါဝင်သော အမြန် လမ်းမကြီး မိုင်တိုင် ၁၁၄ မိုင်၏ အနောက်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိသည့်  ဖြူးချောင်း ရေလှောင်တမံသည် ဖြူးမြို့နယ်၏ စိုက်ပျိုးမွေးမြူရေးကို အကျိုးပြုလျက်ရှိသည့်အပြင် ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းဖြင့် ဘက်စုံစီမံကိန်း၏ အသီးအပွင့်ကို ဒေသခံပြည်သူများ ခံစားရရှိကြသည်။ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် လိုအပ်နေသည့် ဒေါက်တိုင်တစ်ခုကို  တာဝန်ကျေကျေ ဟန်ချက်ညီစွာဖြင့် လက်တွဲစိုက်ထူ ထမ်းပိုးခဲ့ကြသည့် အကျိုးရလဒ်တစ်ခုပင်ဖြစ်သည်။

 

 ဖြူးချောင်းရေလှောင်တမံသည် ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ရေလှောင်တမံ၏အလျား မှာ ပေ ၁၀၂၀ ရှိကာ ရေလှောင်တမံအမြင့်သည် ၂၄၅ ပေမြင့်သည်။ ဖြူးမြို့နယ်သည် နှစ်စဉ်ပျမ်းမျှမိုးရေ ချိန် ၁၀၀ လက်မ ရရှိလေ့ရှိရာ တမံအတွင်း၌ နှစ်စဉ်ပျမ်းမျှ ဧကပေ ၆၆၈၀၀၀  ရေစီးဝင်လျက်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏဖြစ်သော ဧကပေ ၆၃၂၅၃၀ သိုလှောင်ထားနိုင်ကာ ရေဆင်းဧရိယာ သည် ၄၂၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ ရေပိုလွှဲသည် သံကူကွန်ကရစ်(Ogee Crest)အမျိုးအစားဖြစ်ပြီး ရေပိုလွှဲအကျယ် ၁၀၀ ပေမှ ရေထုစီးနှုန်း ၂၃၀၅၀ ကုဗပေ/စက္ကန့်ဖြင့် တမံရေပြည့်ချိန်တွင် ထပ်မံ ဝင်ရောက်လာနိုင်သည့် ရေများကို ထုတ်နုတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။

 

ရေယူအဆောက်အအုံသည် သံကူကွန်ကရစ်ဖြစ် ပြီး အလျား ပေ ၇၀၊ အနံ ၄၈ ပေနှင့် အမြင့် ၄၈ ပေ ရှိ၍ ရေထိန်းတံခါးပြွန်သည် အချင်း ၂၇ ပေ၊ အမြင့် ပေ ၁၃၀ နှင့် ရေသွယ်ဥမင်လိုဏ်ခေါင်းသည် အချင်း ၁၈ ပေနှင့် အလျား ပေ ၂၀၀၀ ရှည်လျားသည်။ အချင်း ၅ ဒသမ ၆ မှ ၁၈ ဒသမ ၄ ပေရှိသော ဖိအားမြင့် သံမဏိပိုက်လိုင်းတပ်ဆင်ထားပြီး ပိုက်လိုင်းအရှည် ၅၆၇ ပေ ရှိသည်။ ဓာတ်အားပေးစက်ရုံသည် အလျား ပေ ၁၃၀၊ အနံ ပေ ၁၁၀ နှင့် အမြင့် ပေ ၁၁၀ ရှိပြီး တာဘိုင်သည် Francis – Vertical Shaft အမျိုးအစားဖြစ်ပြီး တာဘိုင်မှ ၂၀၃၁ ဒသမ ၆၅ ကုဗပေ(တစ်စက္ကန့်) ရေစီးနှုန်းကို ပေးစွမ်းလျက်ရှိ သည်။ တပ်ဆင်ထားသော စက်စွမ်းအားသည် ၂၀ မဂ္ဂါဝပ်နှစ်လုံးဖြင့် ၄၀ မဂ္ဂါဝပ်ဖြစ်ပြီး ရေအားလျှပ်စစ် ဖြင့် နှစ်စဉ်ပျမ်းမျှဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ်ပေးလျက်ရှိကာ ကေဗွီ ၂၃၀ တောင်ငူလိုင်း မှ နိုင်ငံတော် ဓာတ်အားလိုင်းအတွင်းသို့ ပို့လွှတ်ပေး လျက်ရှိသည်။

 

ဆည်ရေသောက်စနစ်အပြင်  ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဩဂုတ် လတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသည့်အတွက် ဩဂုတ်လ ၂၉ ရက်နေ့၌ ၂၀ မဂ္ဂါဝပ် နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အား  စတင်ပို့လွှတ်နိုင်ခဲ့သည်။ ဖြူးချောင်းရေလှောင်တမံသည်  အလယ်ရိုးမမှ စီးဆင်းလာသောရေကို သိုလှောင်ထိန်းညှိပေးနိုင်မှုဖြင့် ဖြူးမြို့နယ်နှင့်  အုတ်တွင်းမြို့နယ်တို့၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသာမက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရာ ရေလှောင်တမံတစ်ခုအဖြစ် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုလျက်ရှိသည်။

 

အစိမ်းရောင်စီးပွားရေးမြို့တော်အဖြစ် တွေ့မြင်လာရမည်

 

ဖြူးချောင်းရေလှောင်တမံစီမံကိန်းတွင် လက်ရှိလုပ်ငန်းပြီးစီးမှုအရ လယ်မြေဧက ၃၀၀၀၀ ကို ရေပေး ဝေလျက်ရှိပြီး  လုပ်ငန်းအားလုံးပြီးစီးသွားပါက လယ်ဧက ၉၀၀၀၀ ကို ရေပေးဝေနိုင်မည်ဖြစ်သည်။ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းတွင် တူးမြောင်းမကြီး နှစ်ခု၊ မြောင်းခွဲတစ်ခု၊ လက်တံမြောင်း ၂၄ ခု၊ လက်တံမြောင်းခွဲ ၂၀၆ ခုဖြင့် စုစုပေါင်း ၄၇၂ မိုင်နှင့် တူးမြောင်းအဆောက်အအုံ ၃၅၉၅ ခု ကိုလည်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ရာ လုပ်ငန်းပြီးစီးပါက ရာသီမပြတ်စိုက်ပျိုး ထုတ်လုပ်နိုင်သည့် အစိမ်းရောင်စီးပွားရေးမြို့တော်အဖြစ် တွေ့မြင်လာရမည်ဖြစ်သည်။ ဖြူးချောင်း ရေအားလျှပ်စစ် စက်ရုံမှထွက်ရှိသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ကို ရေလွှမ်းမိုးမှုမှ ကာကွယ်ပေးနိုင်ခြင်း အပြင် ဖြူးမြို့နယ်အတွင်း ရှိလယ်မြေများ သီးထပ်စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေကို  ထိရောက်စွာပေးဝေနိုင်ခြင်း စသည့်အကျိုး‌ကျေးဇူးတို့ကို ခံစားရလျက်ရှိသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်‌ ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး(၁)မှ ညွှန်ကြားရေးမှူး ဦးအောင်မြတ်မျိုးက အဓိကအနေဖြင့် တည်ဆောက်ပြီး ရေလှောင်တမံများ  ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ဂရုတစိုက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကာ နိုင်ငံ အတွင်းရှိ ပြည်သူများ စားဝတ်နေမှုဖူလုံရေးအတွက် ဆည်များတည်ဆောက်ပေးခြင်းဖြင့် ရေဘေး ကာကွယ်ရေးအတွက်လည်း အကျိုးကျေးဇူးများသည့်အပြင် လျှပ်စစ်ဓာတ်အား ပြည့်စုံစွာရရှိခြင်း၊ တောင်သူ လယ်သမားများ လိုအပ်သော  စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေခြင်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများတွင်  လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပြည့်စုံစွာရရှိခြင်းတို့ကြောင့် များစွာအကျိုးရှိကြောင်း၊ အကယ်၍ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ရေကြီးမှု၊ ရေရှားပါးမှုတို့ကိုလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်မည် ဖြစ်သဖြင့် ဖြူးချောင်းရေလှောင်တမံသည် အကျိုးကျေးဇူးများသော ဘက်စုံရေလှောင်တမံ စီမံကိန်း တစ်ခုလည်းဖြစ်ကြောင်း ပြောကြားသည်။

 

 

ဖြူးချောင်းရေလှောင်တမံ စီမံကိန်း၏ တည်ဆောက်‌ရေး(၁)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဘက်စုံစီမံကိန်း လုပ်ငန်းဖြစ်သည်နှင့်အညီ ဖြူးချောင်းရေလှောင် တမံသည် အကျိုးကျေးဇူးရှိကြောင်း၊ တမံအများစုတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းဖြစ်စေ၊ ဆည်ရေသောက်စနစ်မှ ရေပေးဝေခြင်းဖြစ်စေ သီးခြားဆောင်ရွက်ရလေ့ရှိသော်လည်း ဤဆည်တမံသည် စိုက်ပျိုးရေပေးဝေမှုအပြင် ရေအားလျှပ်စစ်ကိုလည်း ထုတ်လုပ်ပေးသည့်အတွက် ဘက်စုံရေလှောင် တမံစီမံကိန်း(Multipurpose Dam Project ) တစ်ခုလည်းဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားတစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ်လျက်ရှိကာ တောင်ငူ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းမှ နိုင်ငံတော်ဓာတ်အားလိုင်းစနစ်သို့ ပို့လွှတ်ပေးလျက်ရှိကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ရာမှ ကျဆင်းလာသောရေများကို ချောင်းအောက်ဘက်တွင် ရေလွှဲဆည်ဖြင့်ခံ၍ ထိုရေလွှဲဆည် တစ်ဖက်တစ်ချက်ရှိ လက်ဝဲ‌မြောင်းနှင့် လက်ယာမြောင်းတို့မှ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ လယ်မြေဧက ၉၀၀၀၀ ခန့်ကို ရေပေးဝေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ရေလွှမ်းမိုးမှုကိုလည်း ကာကွယ်‌ပေးလျက်ရှိကြောင်း၊ တည်ဆောက်ပြီးလက်ဝဲမြောင်းနှင့် လက်ယာမြောင်းမှ လယ်မြေဧက ၃၀၀၀၀ ခန့်ကို ရေပေးဝေလျက်ရှိပြီး စီမံကိန်း၏ ဆည်‌ရေသောက် စနစ်သုံးပုံနှစ်ပုံကို  ဆက်လက်ဆောင်ရွက်ရန် လိုသေးကြောင်း။

 

 စီမံကိန်းလျာထားချက်ဖြစ်သော လယ်ဧက ၉၀၀၀၀ ခန့်အတွက် မြောင်းခွဲနှင့် လက်တံမြောင်းများ အားလုံး တည်ဆောက်ပြီးပါက စိုက်ပျိုးရေပေးဝေနိုင်ခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးတွင် စပါးနှင့်ပဲမျိုးစုံ အောင်မြင်ဖြစ်ထွန်းလာပြီး တောင်သူတို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ နွေစပါးအတွက် စိုက်ပျိုးရေကိုပေးဝေလျက် ရေအား လျှပ်စစ်ကိုလည်း စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း၏ ထူးခြားချက်သည် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း စိုက်ပျိုးရေနှင့် လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်နိုင် ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေပေးဝေခြင်းနှင့် ရေအား လျှပ်စစ်ထုတ်လုပ်မှုသာမက ငါးမွေးတောင်သူများနှင့် မွေးမြူရေးတောင်သူတို့ အသုံးပြုနိုင်ရန်အတွက် လည်း ဆည်ရေပို့လွှတ် ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ရေကြီးနစ်မြုပ်မှုမှကင်းဝေးခဲ့

 

ဖြူးချောင်းနှင့် စစ်တောင်းမြစ်ဆုံရာ လွင်ပြင်သည် မိုးရာသီ၌ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လေ့ရှိရာ ဖြူးချောင်း ရေလှောင်တမံ တည်ဆောက်ပြီးချိန် မှစ၍ ရေစီးဆင်းမှုကို ထိန်းညှိပေးခဲ့သည့်အတွက် ရေကြီးနစ်မြုပ်မှုမှ ကင်းဝေးခဲ့ပြီး ရေဘေးအန္တရာယ်ကိုလည်း ဒေသခံများကျော်လွှားနိုင်ခဲ့သည့်အပြင် စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုကိုလည်း ဖြူးချောင်းရေလှောင်တမံစီမံကိန်းမှ ကာကွယ်ပေးနိုင်ခဲ့ခြင်း ကြောင့် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးကျေးဇူးများစွာရရှိလျက်ရှိသည်။

 

ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ စက်ရုံမှူး ဦးမင်းသူအောင်က  ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်းကို  အကောင်အထည်ဖော်သည့် ရည်ရွယ်ချက်တို့တွင် စက်ရုံကထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကွန်ရက်မှတစ်ဆင့် တစ်နိုင်ငံလုံး ဓာတ်အားဖြန့်ဖြူးပေးရန်လည်း ပါဝင်ကြောင်း၊ စစ်တောင်းမြစ်ဝှမ်း ရေလွှမ်းမိုးမှုဒဏ်မှ ကာကွယ်ပေးနိုင်ရန်နှင့် ဖြူးနှင့် ဇေယျဝတီမြို့မှ တောင်သူများ လိုအပ်သည့် စိုက်ပျိုးရေရရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် စစ်တောင်း မြစ်ဝှမ်းတွင် နွေစပါးကို အပြည့်အဝစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေပေးဝေမှုနှင့်အတူ နိုင်ငံတော်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဘက်စုံစီမံကိန်း လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံ တော်နှင့် ပြည်သူအတွက်  ဘက်စုံကူညီဆောင်ရွက် ပေးနိုင်ရန်  အကောင်အထည်ဖော်ထားသော ရေလှောင်တမံ ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ကြီးများကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့်အညီ မောင်းနှင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိကာ နိုင်ငံတော် ဓာတ်အားပေး စနစ်အတွင်းသို့ ၂၀၁၄ ခုနှစ် ဩဂုတ်လမှစ၍ ပို့လွှတ်ပေးနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ကြီးများ၏ အစိတ်အပိုင်းစနစ်များကို အဆင့်မြှင့်တင်ခြင်းစီမံကိန်းလည်းရှိကြောင်း၊ မိုးရာသီတွင် ဖြူးဒေသသည် မိုးများသည့် အတွက် လျှပ်စစ်ဓာတ်အားကို တမံအတွင်းရေ ဝင်ရောက်မှုအပေါ်မူတည်၍ ပိုမိုထုတ်လုပ်ပေးနိုင် မည်ဖြစ်ကြောင်း၊ ယခုလို ဒေသခံပြည်သူတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်သာမက နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းထမ်းဆောင်ခွင့်ရရှိမှုအပေါ် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ပြောကြားသည်။

 

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့

 

ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၁၉၆၄ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအ စီအစဉ်တွင် စတင်တင်သွင်းခဲ့သည့် စစ်တောင်းမြစ်ဝှမ်းဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်သော ဘက်စုံစီမံကိန်းတစ်ခု ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှုအရ စတင်အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းဖြစ်သည်။ ဖြူးချောင်းပေါ်တွင် စီမံကိန်းစတင်နိုင်ရန် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၀-၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တမံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ကာ ရေလွှဲဥမင်ကို အပြီးသတ်ပိတ်၍ ရေစတင်သိုလှောင်နိုင်ခဲ့သည်။ ရေပိုလွှဲဆည် တည်ဆောက်ခြင်း လုပ်ငန်းကိုလည်း ထိုနှစ်တွင် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခဲ့ခြင်းဖြစ်သည်။

 

တောင်သူတို့လိုအပ်သည့်စိုက်ပျိုး‌ရေ ချိန်ခါမရွေးရရှိနိုင်ရန် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသောလုပ်ငန်းများ ပြည့်စုံစွာပြီးစီးသွားပါက ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ လယ်ဧက ၉၀၀၀၀ ခန့်ကို စိုက်ပျိုးရေဆက်လက်ပို့လွှတ်သွားနိုင်မည့်အပြင် ရေလွှမ်းမိုးမှုကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဒေသခံတောင်သူများ သီးထပ်/သီးညှပ် စိုက်ပျိုးထုတ်လုပ်နိုင်မှုဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေမည့်အပြင် ရေသောက်စနစ်တွင် ကုန်ထုတ်လမ်းများနှင့် တံတားများပါဝင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသထွက်ကုန်များ မြန်ဆန်စွာပို့ဆောင်နိုင်ကာ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာစေ မည်ဖြစ်သည်။

 

ဆည်တမံတို့၏အကျိုးကျေးဇူးကြောင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေလျက် ကျန်းမာ ပျော်ရွှင်သော လူမှုဘဝဝန်းကျင်ကို တည်ဆောက်နိုင်ခြင်းသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၌ လူ့စွမ်းအား အရင်းအမြစ်ကို အကျိုးရှိစွာ အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။ တောင်သူများဆန်စပါးနှင့် ပဲမျိုးစုံစိုက်ပျိုးနိုင်ရန် လိုအပ်သော စိုက်ပျိုးရေကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အစဉ်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကားဟူသော ဆောင်ပုဒ်နှင့်အညီ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ထိုဒေသ၏ စိုက်ပျိုးမွေးမြူ‌ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်မှု၏ လင်းရောင်ခြည်များ ယှက်သန်းလျက်ရှိနေပါကြောင်း ရေးသားလိုက်ပါသည်။