နေပြည်တော် ၂၃  ဇွန်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှ ဆည်ရေပေးမြောင်းများ ဖောက်လုပ်ရာတွင် ပါဝင်သည့် လယ်ယာမြေများအတွက် နစ်နာကြေးများကို ဇွန် ၂၂ ရက်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကျေးရွာအရောက် ပေးအပ်ခဲ့သည်။

 

ထိုသို့ နစ်နာကြေးများ ပေးအပ်ရာတွင် ဖြူးမြို့နယ်ရှိ ဇဟား၊ သစ်ပတ်၊ ညောင်ကားယား၊ လိပ်ပေါ၊ ဘန်းလောင်၊ ကျော်လှ၊ လှသင်းမောင်၊ ကျီးရိုးနှင့် ပေါက်ဇလုပ် ကျေးရွာအုပ်စု ၉ အုပ်စုမှ တောင်သူ ၈၉၁ ဦး၏ ပါဝင်လယ်မြေ ၅၄၀ ဒသမ ၅၈ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၂၀ နှုန်းဖြင့် စုစုပေါင်းနစ်နာကြေးငွေကျပ် ၁၀၈၁၁ ဒသမ ၆ သိန်းကို မြို့နယ်နှင့် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များက ကြီးကြပ်၍ တောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။

 

ဖြူးချောင်းရေလှောင်တမံဘက်စုံစီမံကိန်းကို ၂၀ဝ၀- ၂၀ဝ၁ ဘဏ္ဍာနှစ်တွင် စတင်ဆောင် ရွက်ခဲ့ပြီး ယခုအခါ ရေလှောင်တမံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည်တို့မှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၍ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းအနေဖြင့် ၃၂ ဒသမ ၆ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးသဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ယင်း စီမံကိန်းများ အားလုံးပြီးစီးပါက လယ်မြေဧက ၉၀ဝ၀ဝ ကို ဆည်ရေပေးဝေနိုင်မည်ဖြစ်ပြီး ယခုနှစ် ဆောင်ရွက်နေသည့် ဆည်ရေပေးမြောင်းများပြီးစီးပါက လယ်မြေဧက ၁၆၈၀ဝ ကို ဆည်ရေကြိုတင် ပေးဝေနိုင်မည်ဖြစ်သည်။

 

ထက်လျှံ