ရန်ကုန် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး အမြန်လမ်းမကြီး အနောက်ဘက် မိုင်တိုင် ၁၁၀ အနီးတွင်တည်ရှိသည့် ဖြူးချောင်း ရေလှောင်တမံမှ နွေစပါးဧက ၁၈၀၀၀ ခန့်အား စိုက်ပျိုးရေများ နေ့စဉ်ပို့လွှတ်ပေးနေကြောင်း သိရသည်။
ဖြူးချောင်းရေလှောင်တမံသည် အလယ်ရိုးမမှ စီးဆင်းလာသောရေများကို သိုလှောင်ထိန်းညှိပေးနိုင်မှုဖြင့် ဖြူးနှင့်အုတ်တွင်းမြို့တို့ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍသာမက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော ဆည်တမံဖြစ်ပြီး နိုင်ငံတော်နှင့် တောင်သူများကို အကျိုးပြုလျက်ရှိသည်။ ဆည်ရေသောက်ဧရိယာ ဧက ၉၀၀၀၀ တွင် လက်ရှိ အကောင်အထည်ဖော်ပြီးစီးသည့် ဧက ၁၉၄၅၀ ၌ စိုက်ဧက ၁၈၀၀၀ ခန့်အား စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ဆောင်ရွက်နေဆဲဖြစ်သော ဖြူးချောင်းရေလှောင်တမံ စီမံကိန်းဆိုင်ရာများပြီးစီးပါက သတ်မှတ်ဆည်ရေ သောက်ဧရိယာအတိုင်း ဆည်ရေအပြည့်အဝ ပို့လွှတ်နိုင်မည်ဖြစ်သည်။
ဖြူးမြို့နယ်ရှိ နွေစပါးစိုက်ခင်းများသို့ ဇန်နဝါရီ ၁ ရက်မှစ၍ စိုက်ပျိုးရေပို့လွှတ်ခဲ့ပြီး မေလဒုတိယပတ်ဖြစ်စေ၊ ဇွန်လနောက်ဆုံးပတ်အထိဖြစ်စေ စိုက်ပျိုးရေပေးဝေလေ့ရှိသည်။ ယမန်နှစ်က ဖြူးချောင်းရေလှောင်တမံမှ နွေစပါးစိုက်ခင်း ၁၇၃၈၉ ဧကအား စိုက်ပျိုးရေပို့လွှတ်ပေးခဲ့ရာ ယခုနှစ်တွင်လည်း ဧက ၁၈၀၀၀ ခန့်အား ရေပေးဝေလျက်ရှိ၍ ဆင်းသုခ၊ ရက် ၉၀၊ နှံကောက်၊ ရတနာတိုး၊ ဗီယက်နမ်၊ ရေဆင်းပေါ်ဆန်း-၁ နှင့် အောင်နိုင်တိုး မျိုးစပါးတို့ကို စိုက်ပျိုးထားသည်။ အထူးသဖြင့် ရက် ၉၀ မျိုးစပါးကို အများဆုံးစိုက်ပျိုးပြီး ယခုနွေစပါး ရာသီတွင် မိုင်တိုင်အမှတ် (၁၀၇) ရှိ ညောင်ပင်သာ စိုက်ခင်း၌ ရွှေဘိုပေါ်ဆန်းမျိုးစပါး ဧက ၁၀၀ အား စမ်းသပ်စိုက်ပျိုးထားကာ ဖြူးမြို့နယ်တွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ ၁၁၃၉၆ ဧကသို့လည်း ဆည်ရေများပို့လွှတ်လျက်ရှိသည်။
“ဖြူးချောင်းရေလှောင်တမံမှာ ပထမရေအား လျှပ်စစ်ထုတ်ပြီး စီးဆင်းလာတဲ့ရေကို ရေလွှဲဆည်မှာ ထိန်းပြီးတော့ လက်ဝဲ၊ လက်ယာမြောင်းကနေ ဖြူးမြို့နယ်ရဲ့ နွေစပါးစိုက်ခင်းတွေအတွက် နေ့စဉ် ပို့လွှတ်နေပါတယ်။ ဒီဒေသဟာ မိုးကောင်းတဲ့အတွက် မိုးရာသီမှာရေမလိုပေမယ့် နွေရာသီမှာ အဓိကလိုအပ်တာပါ။ နွေရာသီမှာ စပါးအပြင် ဆီထွက်သီးနှံလည်း စိုက်ကြပါတယ်။ နွေရာသီမှာ ရေပေးဝေနိုင်မှုကြောင့် လယ်ကွင်းတွေ စိမ်းစိုပြီး သီးနှံစိုက်ခင်းတွေအောင်မြင်ဖြစ်ထွန်းမှုကို တွေ့မြင်ရတာဟာ ဝမ်းသာစရာပါ။ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းဖြစ်တဲ့ လက်ဝဲရေမြောင်းစနစ်ပြီးစီးပြီဆိုရင် သတ်မှတ်ထားတဲ့ ဆည်ရေသောက်ဧရိယာ ဧက ၉၀၀၀၀ ကို ရေပေး ဝေနိုင်မှာဖြစ်တဲ့အတွက် အုတ်တွင်းမြို့က စိုက်ခင်းတွေလည်း စိမ်းလန်းလာမှာပါ။ ဌာနရဲ့ အဓိကတာဝန်မှာ စိုက်ခင်းတွေရေဝင်ရောက်ပြီး ရေကြီးရေလျှံမှု ကာကွယ်ရေးလည်း ပါဝင်တဲ့အတွက် မိုးရာသီမှာ စစ်တောင်းမြစ်ဝှမ်းနဲ့ ဖြူးမြို့နယ်ရေကြီးရေလျှံမှုကို ကာကွယ်ပေးတဲ့အပြင် တောင်သူတွေအားထားတဲ့ နွေစပါးစိုက်ခင်းအတွက် ရေပို့လွှတ်နိုင်မှုဟာ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးဖြစ်ထွန်းမယ်လို့မြင်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၁)မှ လက်ထောက်ညွှန်ကြားရေးမှူး (၄) ဦးတလန်ကြားက ပြောသည်။
ဖြူးချောင်းရေလှောင်တမံသည် ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး အလျား ပေ ၁၀၂၀၊ အမြင့် ၂၄၅ ပေဖြင့် ကန်ရေပြည့် ဧကပေ ၆၃၂၅၃၀ သိုလှောင်နိုင်ကာ ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာသည် ဧက ၁၄၅၇၀ ကျယ်ဝန်းသည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၀၀ လက်မရရှိပြီး နှစ်စဉ်ပျမ်းမျှ ဧကပေ ၆၆၈၃၆၀ ရေစီးဝင်မှုဖြင့် ရေဆင်းဧရိယာသည် ၄၂၂ စတုရန်းမိုင် ရှိသည်။ ဖြူးချောင်းရေလှောင်တမံ စီမံကိန်းကို ၂၀၀၀-၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ရေလှောင်တမံပြီးစီးခဲ့ပြီး ရေလွှဲဆည်မှာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပြီးစီးကာ ဆည်ရေသောက် စနစ်ကို ၂၀၂၈-၂၀၂၉ ခုနှစ်တွင် ပြီးစီးရန်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပြီးစီးပါက ဆည်ရေသောက် ဧရိယာဧက ၉၀၀၀၀ အား စိုက်ပျိုးရေအပြည့်အဝ ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ-ကိုလွင်


