ဖြူး ၁၆ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်း ရေလှောင်တမံ ရေပိုလွှဲမှ မိုးရာသီကာလတွင် ရေကျော်ကျမှု များပြားလာပါက ဆည်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သူများ ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပိုမိုရရှိစေရေး၊ ဆက်နွယ်ပတ်သက်သည့် ဌာနဆိုင်ရာအသီးသီးနှင့် ရပ်ရွာအခြေပြုလူထုအဖွဲ့အစည်းများဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ဖြူးချောင်း ရေလှောင် တမံဘက်စုံစီမံကိန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ မွန်းလွဲပိုင်းတွင် ဖြူးချောင်းဘေးတစ်လျှောက်ရှိကျေးရွာများသို့ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ကြသည်။
ဖြူးချောင်းရေလှောင်တမံ၏(၁၅.၇.၂၀၁၉)နေ့ ရေမှတ်မှာ (၄၅၄.ဝ၀) ပေဖြစ်သဖြင့် သိုလှောင်နိုင်သော အမြင့်ဆုံးရေမှတ် (၄၆၀.ဝ၀) ပေသို့ရောက်ရှိရန် (၆.ဝ၀) ပေကျန်ရှိနေပြီး ထို့ထက် ရေမြင့်တက်လာပါကရေပိုလွှဲ မှရေကျော်ကျ လာမည်ဖြစ်ကြောင်း၊
ယခင်နှစ်က ဖြူးချောင်းရေလှောင်တမံ၏ ရေပိုလွှဲမှ အမြင့် (၄.၈၀)ပေအထိ ရေကျော်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ ရေကျော်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ကောလာဟလများကို မယုံကြည်ကြစေရန်နှင့် အခြေအနေမှန်ကို သိရှိလိုပါက တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို ဖြန့်ဝေထားပြီးဖြစ်သဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရေလှောင်တမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက်ပါ လုပ်ငန်းစဉ်များနှင့် အရေးပေါ် အခြေအနေ အဆင့်သတ်မှတ်ချက်များအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဖြန့်ဝေပေးခဲ့ကြောင်း ဖြူးမြို့နယ် ပြန်ဆက်မှ သိရသည်။
MDN


