ဖြူး ၁ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် တာဝန်ရှိသူများသည် ဖြူးမြို့၊ မြို့မအရှေ့ရပ်ကွက်၊ သာသနာ့ဗိမ္မာန်တွင် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ထားသော Facility Quarantine Center သို့ သွားရောက်၍ ပြည်ပပြန်များအား နေရာချထားပေးမှုနှင့် ဓာတ်ခွဲနမူနာယူခြင်း အပါအဝင် ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ထောက်ပံ့သော ကျန်းမာရေးအကာအကွယ်သုံး ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် ဖြူးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုကာ ကျောင်းဖွင့်ထားသည့် ကာလတလျှောက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေး တို့အတွက် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူလူထုအနေဖြင့် လိုက်နာရန်အချက်များကို ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိဘပြည်သူများ သိရှိလိုက်နာကျင့်သုံးနိုင်စေရေး ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးတွင် ဇူလိုင် ၃၁ ရက်နေ့ စာရင်းအရ Facility Quarantine Center စုစုပေါင်း (၅၆) ခုရှိပြီး၊ နေရပ်ပြန် (၃၁၉) ဉီးအားထားရှိ၍ ကျန်းမာရေးဝန်ထမ်းများနှင့် ထွေအုပ်/ပြည်သူ့ရဲ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက စနစ်တကျ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၃၂) ကျောင်း ရှိသည့်အနက် (၂၉) ကျောင်းအား ဖွင့်လှစ်ထားရှိပြီး ကျန် (၃) ကျောင်းမှာလည်း ကျန်းမာရေးအဆင့် “A” ရရှိပြီးဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါကြောင်း သိရသည်။
တင်စိုး(ပဲခူး)