ဖြူး နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဇွန် ၁ ရက်မှ စတင်ကာ အ.ထ.က (၁၄)ကျောင်း၊ အ.ထ.က ခွဲ (၉) ကျောင်း၊ အ.လ.က (၁၂)ကျောင်း၊ အ.လ.က ခွဲ (၃၀)ကျောင်း၊ မူလွန် (၁၅၁)ကျောင်း၊ အ.မ.က (၇)ကျောင်း၊ အ.မ.က ခွဲ (၇)ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၂၃၀ ကို ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၁၆၄၈၁ ဦးကို ပညာသင်ကြားပေးလျက်ရှိရာ ဇွန် ၂၁ ရက်က စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် အရေးပေါ် အခြေအနေအရ ယာယီပြန်လည်ပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခုအခါ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုဝင်ဘာ ၁ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမရှိစေရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ယူစေခြင်းများကို စီစဉ်ဆောင်ရွက်ကာ ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြာပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


