ဖြူး ဧပြီ ၁၅
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်တွင် ဆင်နွှဲလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်းရှိ ဖြူးချောင်းဆည်၌ ယခုကဲ့သို့ သင်္ကြန်ကာလတွင် ရေကစားသူများ များပြားပြီး အဆိုပါ ရေကစားသူများအား အမှီပြု၍ ဈေးဆိုင်တဲထိုးကာ အဆာပြေစားစရာများ၊ အအေးများရောင်းချခြင်း၊ ဘောကွင်းများ စီစဉ်ငှားပေးခြင်းတို့ဖြင့် ဝင်ငွေရရှိနေကြောင်း ဒေသခံဈေးရောင်းချသူများက ပြောသည်။
ဖြူးချောင်းဆည်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၁၁၅)မိုင် အနောက်ဘက် (၅)မိုင်အကွာ အဝေးတွင်တည်ရှိပြီး ဖြူးဒေသပြည်သူများအနေဖြင့် အခြားအားလပ်ရက်များတွင် ရေချိုးခြင်း၊ ရေကစားခြင်း အပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိပြီး သင်္ကြန်ပွဲတော်ကာလအတွင်း သွားရောက် လည်ပတ်သူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)