ဖြူး ဇူလိုင် ၁၀

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျေးရွာ (၁၀)ရွာအား တစ်ရွာလျှင် ထောက်ပံ့ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်ပေးသွားမည့် ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင်လ ပထမပတ်အတွင်း သာဓုကန်ကျေးရွာအုပ်စု၊ ကီလား(အနောက်)ကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ကျန်ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖြူးမြို့နယ်အတွင်း ကျေးရွာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာတွင်း လမ်း၊ တံတားများ၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွာနိုင်ရေးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်ထံမှ သိရသည်။

 

ထိုသို့ ကျေးရွာ(VDP)စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများမှ ကျေးရွာ(VDP)စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်နေကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)