ဖြူး ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါဖြစ်ပွားသူ ဇူလိုင် (၁၃) ရက်နေ့ မနက်ပိုင်းအထိ (၆၄၀)၊ သေဆုံးသူ(၁၂)ဦးထိ ရှိလာသောကြောင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက် နေလျက်ရှိကြောင်း သိရသည်။
ကိုဗစ်- ၁၉ရောဂါ ဖြစ်ပွားသူများအား လက်ရှိအခြေအနေအရ ဖြူးပြည်သူ့ဆေးရုံတွင်(၁၃)ဦး၊ အထကညောင်ပင်သာ(၉၀)၊ တိုက်နယ်ဆေးရုံ(ညောင်ပင်သာအုပ်စု) (၁၃)ဦး၊ တိုက်နယ်ဆေးရုံ (ဇေယျ၀တီ) (၁၆)ဦး၊ အထက(၁)ဖြူး(၁၀၅)ဦး၊ တောင်ငူစစ်ဆေးရုံသို့လွဲပြောင်း(၂၆)ဦး၊တောင်ငူဆေးရုံသို့ လွှဲပြောင်း(၃)ဦး စုစုပေါင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ (၂၆၆)ဦးအား အထူးကြပ်မတ် ကုသပေးနေလျက်ရှိပြီး ဆေးရုံဆင်းသူများမှာ(၃၆၂)ဦး ရှိနေကြောင်းနှင့်အဆိုပါ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ နှင့် ဆက်စပ်သူများအား ဖြူးမြို့နယ်အထက(၃)Quarantine Centerတွင်(၉၃)ဦး၊ ကညွတ်ကွင်းမြို့ အောင်တော်မူ ခန်းမ Quarantine Quarantine Centerတွင်(၁၇)ဦး၊ အထက-၁ ဇေယျ၀တီမြို့ Quarantine Centerတွင်(၆၀)ဦး၊ အထက (၁)Quarantine Centerတွင် (၂၀) စုစုပေါင်း (၁၉၀)ဦးအား (၁၄)ရက်ကြာ ကန့်သတ် စောင့်ကြည့်ထားရှိကြောင်း သိရသည်။
ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုများ များလာသဖြင့် ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယာယီပိတ်ထားခြင်း၊ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင် စားသောက်ခြင်းကို တားမြစ်၍ ပါဆယ်စနစ်ဖြင့်သာခွင့်ပြုခြင်း၊နှာခေါင်းစည်းမတပ်ဆင်သူများအား အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ််််မက်ဆောင်ခြင်း၊ အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ထပ်မံ၍ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အပြင်ထွက်လျှင်အိမ် တစ်အိမ်အတွက် ဈေးဝယ်နိုင်ရေးကတ်(၁)ကတ်၊ဆေးခန်းပြနိုင်ရေး ကတ်(၁)ကတ် ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး စစ်ဆေးဆောင်ရွက်ရာတွင် ကတ်မပါရှိပါက ပထမဒဏ်ရိုက်ခြင်း၊ နောက်ပိုင်း တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်ထံက သိရသည်။
နေမျိုးလွင်(ဖြူး)


