ဖြူး အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် နှမ်းစိုက်ပျိုးမှု များပြားပြီး နှမ်းအထွက်နှုန်းကောင်းကာ စားသုံးဆီဖူလုံရေးအတွက်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော အထွက်နှုန်းကောင်းဆီနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့များကို အောက်တို ဘာလ(၁၂)ရက်နေ့၊နံနက်(၁၀)နာရီက ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် နေကြာသီးညှပ်အနေဖြင့် အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ဖြူးမြို့နယ်အတွင်းဆောင်းသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းစိုက်ခင်း များအကြား သီးညှပ်စိုက်ပျိုးမည့် ကျေးရွာအုပ်စု(၁၅)အုပ်စု၊ ကျေးရွာ(၁၉)ရွာမှ တောင်သူ(၁၄၀)ဦးအား အထွက်ကောင်း ဆီနေကြာဆင်းရွှေကြာ(၂)မျိုးစေ့ ဧက(၈၀၀)စိုက်ပျိုးနိုင်စေရေးအတွက် နေကြာ မျိုးစေ့အိတ် (၄၀၀) အိတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုလတ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ယခင်နှစ် မိုးရာသီနှင့်ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ (၁၇၆၀)ဧက၊ နှမ်း(၈၃၈)ဧကနှင့် မုံညှင်း(၇၅)ဧက စုစုပေါင်း(၂၅၄၈) ဧက စိုက်ပျိုးထားရှိခဲ့ရာ ထပ်မံ၍ ယခုနှစ်တွင် နေကြာသီးနှံ သီးညှပ်ဧက(၈၀၀)ကို စိုက်ပျိုးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဖြူး(ပြန်/ဆက်)