ဖြူး ၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲနှင့် အဆင့်မြင့် အားကစားကွင်း အားကစားရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ် အားကစားကွင်းသည် (၅ ဒသမ ၆၅၆) ဧက ကျယ်ဝန်းပြီး ပွဲကြည့်ပရိသတ် ၆၀၀ ဆံ့ အလျားပေ ၁၀၀၊ အနံပေ ၄၀ ရှိ ပွဲကြည့်စင်တစ်ခု၊ ပရိသတ် ၅၀၀ ဆံ့ အလျားပေ ၁၂၀၊ အနံပေ ၉၀ရှိ အားကစားရုံ တစ်ခုပါရှိသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေကျပ် (၁၀၄၇ ဒသမ ၆၁) သန်းဖြင့် ပွဲကြည့်စင်၊ ခန်းမနှင့် အဝင်လမ်းများအား ငွေအိမ်မင်းကုမ္ပဏီမှလည်းကောင်း၊ အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား မြကန်သာ ကုမ္ပဏီမှလည်းကောင်း တာဝန်ယူကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်၍ လုပ်ငန်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ဇွန်လတွင် လုပ်ငန်းများ အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ် အားကစားကွင်းမှ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးလျက်ရှိရာ ၎င်းတို့အနက်မှ မြင့်မြင့်စိန်(ဟော်ကီ)၊ ဆုမြတ်ယဉ်(ပိုက်ကျော်ခြင်း)၊ မေချစ်ဦး (လက်ဝှေ့)၊ နွယ်နီဦး(လက်ဝှေ့)၊ ဖြူဝါသက်(ပြေးခုန်ပစ်)၊ မြင့်မြင့်အေး(ပြေးခုန်ပစ်)တို့အား မြန်မာ့လက်ရွေးစင်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် ပြေးခုန်ပစ်လက်ရွေးစင် အားကစားသမား ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)