ဖယ်ခုံ ၂၄ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံအင်းအတွင်း အပျော်စီး Houseboat များစမ်းသပ်ကာလအဖြစ် စတင်ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

 

အင်းရေပြင်အတွင်း Lake Pekhon Houseboats မှ အပျော်စီးရေယာဉ်များကို MVLPH Lity အမည်ဖြင့် အိပ်ခန်း သုံးခန်းပါ ခရီးသည် ခြောက်ဦးစီးရေယာဉ်နှင့် MVLPH Cherry အမည်ဖြင့် အိပ်ခန်းခြောက်ခန်းပါ ခရီးသည် ၁၅ ဦးစီး ရေယာဉ်နှစ်စီးဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဒီအင်းရေပြင်ပတ်လည်နဲ့ ရေလယ်ကျွန်းတွေမှာ နေထိုင်ကြတဲ့ ရှမ်း၊ ပအိုဝ့်၊ ကယန်း၊ အင်းသားစတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူနေမှုဘဝတွေ၊ ဘာသာ သာသနာ ယုံကြည်မှုပုံရိပ်အမျိုးမျိုးတွေ၊ ပင်လယ်လို ကျယ်ပြန့်တဲ့ ရေပြင်ကျယ်နဲ့ရှုခင်းတွေ၊ ဖယ်ခုံမြို့ရှုခင်းနဲ့ အနောက်ဘက်က ပေခြောက်ထောင်ကျော်မြင့်တဲ့ တောင်တန်းတွေနဲ့ အင်ရေပြင်ရဲ့အလှကို ခံစားနိုင်မှာပါ ဟု ရေယာဉ်တည်ဆောက်သူ ကိုအောင်ရဲကျော်က ပြောကြားသည်။

 

Houseboats  အပျော်စီးရေယာဉ်များကို White Swan Boating Co,Ltd မှဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်ဦးစီးရေယာဉ် MVLPH Lity သည် အလျားပေ ၄၀ နှင့် အနံ ၁၅ ပေရှိပြီး ၁၅ ဦးစီးရေယာဉ် MVLPH Cherry သည် အလျားပေ ၄၀ နှင့် အနံ ၂၂ ပေရှိကြောင်း သိရှိရသည်။

 

အဆိုပါရေယာဉ်များအား ဇန်နဝါရီလအတွင်း စမ်းသပ်ကာလအထူးအစီအစဉ်အဖြစ် ဒေသခံများအား တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် MVLPH Cherry ရေယာဉ်တွင် ၂၅ ဦးစီးနိုင်ပြီး MVLPH Lity ရေယာဉ်တွင် ၁၂ ဦး စီးနိုင်ကြောင်း သိရှိရသည်။ ပျှမ်းမျှမောင်းနှင်ချိန် နှစ်နာရီနှင့် ကျွန်းပေါ်လည်ပတ်ချိန် တစ်နာရီစုစုပေါင်း သုံးနာရီကြာမည်ဖြစ်ကြောင်း သိရှိရသည်။

 

စပ်သပ်ကာလပြီးနောက်ပိုင်းတွင် ညအိပ်ခရီးစဉ်များနှင့် နေ့ချင်းပြန်ခရီးစဉ်များကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ စင်းလုံးငှားခရီးစဉ်များကိုလည်းပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ Lake Cruise ခရီးစဉ်များကို Lake Pekhon Houseboats က ပထမဆုံး ဖန်တီးဖော်ဆောင်ပြေးဆွဲခြင်းဖြစ်ကြောင်း ကိုအောင်ရဲကျော်က ဆက်လက်ပြောကြားသည်။

 

ကိုထွေး(ဖယ်ခုံ)