ဖယ်ခုံ ၆ အောက်တိုဘာ     

ကယားလူမျိုးများတွင် ပွဲတော်များရှိသည့်အနက် ထင်ရှားသည့်ပွဲတော် နှစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် နှင့် အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်တို့ဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်လိုင်ကျေးရွာမှ ကယားအမျိုးသားတို့က ရိုးရာဓလေ့ကို ချစ်မြတ်နိုး၍ အလေးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ပြီး (၇)ကြိမ်မြောက် ကယားအမျိုးသားတို့ စုပေါင်းအဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီခွဲ အချိန်  ဖယ်ခုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်လိုင်ကျေးရွာ၌ ကျင်းပရာ ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူလူထုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ကယားပြည်နယ် ကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ ခူးပိုးရယ်အောင်သိန်းက ကြိုဆိုနှုတ်ခွန်းစကား ပြောကြားပြီး လွိုင်ကော်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် စတီဖင်တျေးဖဲမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်း တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင် ၊ တောင်ကြီးမြို့ NLD ပါတီဥက္ကဌ ဦးကျော်မျိုးသိန်း၊ ကယားပြည်နယ် လွှတ်တော် ဥက္ကဌ ဦးလှထွေး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်တို့က အမှာစကားပြောကြားသည်။

 

ေ

 

ထို့နောက် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ခူးဖဲညွန့်ရယ် က အဲ့ဒိုပေါ်မီ ဖြစ်ပေါ်လာပုံအကျဉ်းနှင့် တန်ဖိုးထားမှု အကြောင်းကို ဖတ်ကြားသည်။ ဆက်လက်ပြီး ကယားပြည်နယ်ဗုဒ္ဓဘာသာ ကယားမျိုးနွယ်စုကယား သံဃာတော် အဖွဲ့မှအတွင်းရေးမှူး ဆရာတော်ဥူးသူရိယ က ကယားမျိုးနွယ်စုကယား သံဃာတော် အဖွဲ့မှပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားပြီး ပွဲဦးစီးကော်မတီဥက္ကဌခူးလော်ရယ် မှ သက်ဆိုင်သူများကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ပွဲဦးစီးကော်မတီဥက္ကဌခူးလော်ရယ် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အထူးဧည့်သည်တော်များက အောင်မြင်ခြင်းအထိမ်းအမှတ် ဖားစည်တီးခဲ့ကြပြီး  ရိုးရာအဲ့ဒိုပေါ်မီ ဘော့ကတျာကို ဖရူဆိုမြို့နယ်ကယားစာပေနှင့်ယဉ်ကျေးမှုမှ ဦးဆောင်ကာ အခမ်းအနားသို့ တက်ရောလာသူများအားလုံးမှ စုပေါင်းပါဝင်ကာ ကခဲ့ကြသည်။

ရှေးယခင်က ငွေတောင်ပြည်သည် ယွန်းလူမျိုးတို့၏ လက်အောက် ကျရောက်ခဲ့သည်။ ထိုအချိန်တွင် ကယားတိုင်းရင်းသားတို့သည် ကောက်ညှင်းဆန်ကို ဒီးကူရွက်ဖြင့် ထုပ်ကာ စစ်သုံးရိက္ခာအဖြစ် အသုံးပြုပြီး ယွန်းလူမျိုးတို့ကို ချေမှုန်းနိုင်ခဲ့သည်။ ကယားတိုင်းရင်းသားတို့သည် ဒီးကူထုပ်ကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ လွှတ်မြောက်ခြင်းနှင့် မကောင်းဆိုးဝါးများအား အောင်နိုင်ခြင်း စသည့် တန်ဖိုးကြီးလှသော ရိုးရာအစဉ်အလာကောင်း တစ်ရပ်အဖြစ် အဲ့ဒိုပေါ်မီပွဲကို ကယားတိုင်းရင်းသားများက နှစ်စဉ် တောင်ယာ၊လယ် စိုက်ပျိုးပြီးလို့ တော်သလင်းလနှင့် သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသည်။

ကိုစိုင်း (လွိုင်ကော်)