ဖယ်ခုံ ၃၀ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့ မြို့မဈေးရှေ့ကွင်းပြင်ရှိ ယာယီပျံကျဈေးတွင် ဌာဆိုင်ရာများ စုပေါင်း၍ Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာရီမှစတင်၍ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာယီပျံကျဈေးအ၀င်၌ စောင့်ကြပ်ကြည့်ရှု၍ ဈေးလာသူများအတွက် လက်ဆေးရန် ဘေစင်များထားရှိပေးခြင်း၊ နှာခေါင်းနှင့်ပါးစပ်စည်း Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်း ၀င်စေခြင်း၊ နှာချေ၊ ချောင်းဆိုး၊ ဖျားနာနေသောသူများ၊ အသက် ၆၀ နှင့်အထက်ရှိသူများ၊ နာတာရှည်ရောဂါ ရှိသူများအနေဖြင့် ဈေး၀ယ်ထွက်ခြင်းမပြုရန်၊ တစ်နေရာတည်းတွင် စုပြုံမ၀ယ်ကြရန်တို့ကို ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဈေးရောင်းချသူများအနေဖြင့် နေ့စဉ်နံနက် ၅ နာရီမှ မွန်းလွဲ ၃ နာရီအထိသာ ရောင်းချရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်၍ လက်အိပ်စွပ်ပြီးမှသာ ဈေးရောင်းချခွင့်ပြုရန်၊ ကုန်ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းများမပြုရန်၊ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးကုန်များသာ ရောင်းချရန်၊ နေရာတစ်ခုလျှင် ရောင်းချသူ နှစ်ဦးထက်မပိုရန်၊ ကလေးငယ်များအား ဈေး၀ယ်ခိုင်ခြင်းမပြုရန်နှင့် ကလေးငယ်များအား ဈေးအတွင်းသို့ ခေါ်ဆောင်လာခြင်းမပြုရန် စသည့်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ယာယီပျံကျဈေးအတွင်း ရောင်းချခြင်းခွင့်ပြုမည်မဟုတ်ဘဲ စည်ပင်သာယာရေး ဥပဒေအရလည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရလည်းကောင်း အရေးယူမည်ဖြစ်ကြောင်း မြို့နယ် (ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရှိရသည်။
အဆိုပါ မြို့မဈေးရှေ့ကွင်းပြင်ရှိ ယာယီပျံကျဈေးတွင် (ကိုဗစ်-၁၉) ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် နေ့စဉ်အလှည့်ကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)


