ဖယ်ခုံ ၈ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၈)ရက်၊ နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်သော ကယန်းတိုင်းရင်းသားများ၏ ၂၇၅၈ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၇ ရက် ညနေ ၆ နာရီမှစတင်၍ ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု ကုန်းပေါ်ကျေးရွာတွင် ကျင်းပသည်။
အခမ်းအနားကို အလံတော်အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသော ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းများက ဘုံအကဖြင့် ချစ်ခင်ရင်းနှီးစွာ ဝိုင်းဖွဲ့ကပြခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဧည့်သည်တော်များက ရိုးရာဖားစည်ကို အလှည့်ကျ ပါဝင်တီးခတ်ပေးခဲ့ကြသည်။
ဆက်လက်၍ ရှမ်းဒေသ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ နာယက ဦးခူးယူဂျင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် ရှမ်းဒေသ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ နာယက ဖယ်ခုံမြို့တိုးချဲ့ ညောင်ပင်သာကျောင်းဆရာတော် ဦးဒေဝိန္ဒတို့က နှစ်သစ်မင်္ဂလာ အမှာစကား ပြောကြားသည်။
ထို့နောက် ကယန်းနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော နှစ်သစ် ဆုတောင်းလွှာများကိုလည်းကောင်း၊ နှစ်သစ်ကူးပွဲတော် အလှူရှင်စာရင်းကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ဖတ်ကြားခဲ့ကြသည်။
ယင်းအခမ်းအနားတွင် ကယန်းတိုင်းရင်းသားမိသားစုများ၏ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြင့်ပေးအပ်ခဲ့ပြီး တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ကက်သလစ်ဘုန်းတော်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းဒေသ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဝင်များ၊ ဒေသခံကျေးရွာများမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ကိုထွေး(ဖယ်ခုံ)