ဖယ်ခုံ ၇ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ညောင်ကုန်းရပ်ကွက် နယ်မြေအမှတ် (၁)တွင် လျှပ်စစ်ဓာတ်အားပြည့်မှီစွာရရှိရေးအတွက် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်စင်ဝင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ပေ ၅၀၀၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင်တည်ဆောက်ခြင်းနှင့် ၁၁/၀၄ ကေဗွီ ၂၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်းတို့ကို တင်ဒါအောင်မြင်သော အားမာန်ခေတ်ကုမ္ပဏီက ၆၈ ဒသမ ၅၅၄ ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်စင်ဝင်းထံမှ သိရသည်။
၎င်းလုပ်ငန်းများကို ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဗို့အားပြည့်မှီစွာရရှိရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဌာနအတွက် ယူနစ်ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချိန်တွင် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ အိမ်ခြေ ၁၈၀ ခန့်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ကိုထွေး(ဖယ်ခုံ)


