ဖယ်ခုံ ၂၂ စက်တင်ဘာ
တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာများအနက် ကျေးရွာ ၁၉ ရွာတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက ကျေးရွာများ၏ ရေပေးရေးကော်မတီများနှင့် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲက ကုန်းငူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“ဒီဒေသတွေမှာ မိုးရေလှောင်ကန်တွေနဲ့ နှစ်ပတ်လည် သုံးစွဲကြတာဖြစ်ပါတယ်။ မိုးနည်းရင်တော့ တစ်နှစ်စာ ရေမရဘူးပေါ့။ ဒါကြောင့်မို့ သန့်ရှင်းတဲ့သောက်သုံးရေရရှိဖို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနဲ့ ပြည်နယ်ရန်ပုံငွေ စုစုပေါင်းငွေကျပ် ၉၁၄ ဒသမ ၉၁ သန်းခန့် သုံစွဲပြီးတော့ စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ တောင်ကြီးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် မြို့နယ်ရုံးတာဝန်ရှိသူများသည် ရီနွဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာ ၁၉ ရွာ၏ ရေပေးရေးလုပ်ငန်းကော်မတီများနှင့် တစ်ရွာချင်းစီအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ၊ စီမံချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူများနှင့် ရေပေးရေးလုပ်ငန်းကော်မတီများက သိရှိလိုသည်များ မေးမြန်းတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများ ပြီးစီးပါက ကျေးရွာ ၁၉ ရွာတွင် မှီတင်းနေထိုင်သော အိမ်ခြေ ၁၅၄၃ အိမ်ရှိ လူဦးရေ ၇၉၀၄ ဦးခန့်တို့၏ သောက်သုံးရေဖူလုံစွာ ရရှိရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာသန့်ရှင်းရေးအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှ သတင်းရရှိသည်။
ကိုထွေး(ဖယ်ခုံ)


