ဖယ်ခုံ   ၁၆  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲ၌ ရေစီးရေလာကောင်းမွန်စေရန် ပင်မရေဆိုးထုတ်မြောင်းအား စက်ယန္တရားဖြင့်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ပင်မရေဆိုးထုတ်မြောင်းသည် မိုးဗြဲဈေးကုန်းရပ်ကွက် လက်ယာမြောင်းမကြီးနှင့် ကပ်လျက် တည်ရှိပြီး နုန်းမြေများဖြင့် တိမ်ကောပိတ်ဆို့၍ မိုးရာသီတွင် ရေမြောင်းပတ်ဝန်းကျင်ရှိ နေအိမ်များ အတွင်း ရေဝင်၍ ရေကြီးရှေလျှံခြင်း မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

ရေဆိုးထုတ်မြောင်းအား ပြန်လည်တူးဖော် ဆောင်ရွက်နေခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်နိုင်၊ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးမြတ်သူတို့မှ ကွင်းဆင်းစစ်ဆေးရာ နည်း ပညာပံ့ပိုး ကူညီဆောင်ရွက်လျှက်ရှိသော အင်ဂျင်နီယာ ဦးရန်စိုးက လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်းပြသည်။

 

ယင်းရေဆိုးထုတ်မြောင်း အလျားပေ ၃၅၀ဝ ခန့်အား အကျယ် ရှစ်ပေ၊ အနက် ငါးပေကို စက်ယန္တရား အသုံးပြု၍ ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ နည်းပညာ ပံ့ပိုးကူးညီမှုဖြင့် ကိုယ်ထူကိုယ်ထ တူးဖော်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

 

ကိုထွေး(ဖယ်ခုံ)