ဖယ်ခုံ၊ ၂၈ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် မြေသြဇာများကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်က ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အခမ်းအနား တက်ရောက်လာသော တောင်သူများအား ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် မြေသြဇာများကို တာ၀န်ရှိသူများက ပေးအပ်ခဲ့ကြပြီး တောင်သူများကိုယ်စား ၀ဥစိုက်ပျိုးသော တောင်သူဦးပန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် မြေသြဇာများကို ရီနွဲ့ကျေးရွာအုပ်စုနှင့် ရီလုံရီကန်ကျေးရွာအုပ်စုတို့မှ တောင်သူများ၏ သီးနှံစမ်းသပ်ကွက်နှင့် စံပြကွက်များအတွက် အစေ့ထုတ်ပြောင်းမျိုးစေ့ ဧက ၂၀ အတွက် တန်ဖိုးငွေ ၄၅၀၀၀၀ ကျပ်၊ နေကြာစံပြ ငါးဧကအတွက် တန်ဖိုးငွေ ၁၅၀၀၀၀၀ ကျပ်၊ ၀ဥစံပြကွက် တောင်သူများအတွက် မြေသြဇာ ၆၀ အိတ် တန်ဖိုးငွေ ၁၂၅၅၀၀၀ ကျပ်နှင့် ပညာပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့သည်။

 

အဆိုပါ ဘိန်းအစားထိုး သီးနှံမျိုးစေ့များ ပေးအပ်ရာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရန်၊ စိုက်နည်းစနစ်များနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်တတ်စေရန်၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

မောင်မောင်ထွေး(ပြန်/ဆက်)