ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ဇူလိုင် ၁၀ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ရီးယဲလ်မက်ဒရစ်အသင်း ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန်ခြောက်မိနစ်နဲ့ ၂၄ မိနစ်တို့မှာ ဖေဘီယန်ရုဇ်က နှစ်ဂိုး၊ ကိုးမိနစ်မှာ ဒမ်ဘီလီက တစ်ဂိုးနဲ့ ၈၇ မိနစ်မှာ ဂွန်ကာလိုရာမို့စ်က တစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ နည်းပြအလွန်ဆိုရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားတွေရဲ့ အမှားကို ပီအက်စ်ဂျီအသင်း ကစားသမားတွေက အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ ပီအက်စ်ဂျီအသင်းက ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကို ရှုံးပွဲကြုံခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုပွဲစဉ် မတိုင်မီက ယခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး စပိန်လာလီဂါပြိုင်ပွဲမှာ ဆီဗီလာအသင်း နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၉ ရက်နောက်ပိုင်း ပွဲကစားချိန် ၂၅ မိနစ်အတွင်း သွင်းဂိုး သုံးဂိုးခွင့်ပြုပေးလိုက်ရတဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် ဖီဖာကလပ်ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားကိုရရှိခဲ့တာကြောင့် ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်အဖြစ် ဩဂုတ် ၁၃ ရက်မှာ ယူရိုပါလိဂ်ဖလား ချန်ပီယံစပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။
ငွေကြယ်