ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ  အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန် ၂၄ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့်  ဆီတဲလ်ဆောင်းဒါးစ်နှင့် နာမည်ကြီး ပီအက်စ်ဂျီအသင်းပွဲစဉ်တွင်   ပီအက်စ်ဂျီ အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့  အုပ်စုပထမဖြင့် တက်လှမ်းနိုင်ခဲ့သည်။

နှစ်သင်းကြား ခြေစွမ်းကွာဟမှု ကြီးကြီးမားမားရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းက ပွဲကိုထိန်းချုပ် ကစားကာ အရေးပါသည့်  နိုင်ပွဲကို  ဖော်ဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက်  ဆီတဲလ် ဆောင်းဒါးစ်အသင်း သည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ကာ  ရမှတ် စုဆောင်းနိုင်ခြင်းမရှိဘဲ အုပ်စုအဆင့်ဖြင့် ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန် ၃၅ မိနစ်နှင့် ၆၆    မိနစ်တို့တွင်   ကဗီချာနှင့်   ဟာကီမီတို့က သွင်းယူပေးခဲ့သည်။ ပီအက်စ်ဂျီအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သုံးပွဲ ကစားပြီး နှစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ပီအက်စ်ဂျီ အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် မက်ဆီ၏ အင်တာမိုင်ယာမီအသင်းနှင့် ဇွန် ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်ရလဒ်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းက ဘိုတာဖိုဂိုအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် နိုင်ပွဲရရှိခဲ့ပြီး အင်တာမိုင်ယာမီနှင့်   ပါးမီးယပ်စ်အသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျ ခဲ့သလို ပေါ်တိုနှင့်   အယ်အာလီအသင်းပွဲစဉ်တွင်လည်း  တစ်ဖက် လေးဂိုးစီ သရေကျခဲ့သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ   ပွဲစဉ်(၃) ယှဉ်ပြိုင်ကစားအပြီးတွင် အုပ်စု (က) မှ   ပါးမီးယပ်စ်နှင့် အင်တာမိုင်ယာမီအသင်းတို့  နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပြီး အုပ်စု (ခ) မှ ပီအက်စ်ဂျီနှင့် ဘိုတာ ဖိုဂိုအသင်းတို့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။                     

အောင်ဇော်