ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေ

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး အမ်ဘတ်ပီနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား ဗီနီစီးယပ်ဂျူနီယာနဲ့ မန်စီးတီး အသင်း တိုက်စစ်မှူး ဟာလန်းတို့ဟာလည်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံး ကစားသမားသုံးဦးစာရင်းမှာ ပါဝင်နေတယ်လို့ CIEF ဘောလုံးဆိုင်ရာလေ့လာရေးသုတေသနအဖွဲ့က ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဆက်လက်ကစားဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ့်ကိစ္စကို ငြင်းဆိုခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပေါင် ၂၀၅ ဒသမ ၆ သန်းနဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးတောင်ပံကစားသမား ဗီနီစီးယပ်ဂျူနီယာဟာ ပေါင် ၁၅၈ ဒသမ ၃ သန်းနဲ့ ဒုတိယတန်ဖိုးအမြင့်ဆုံးကစားသမား အဖြစ်ရပ်တည်လျက်ရှိကာ မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းက ပေါင် ၁၃၀ ဒသမ ၄ သန်းနဲ့ တတိယတန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ဟာ ပေါင် ၁၁၄ ဒသမ ၁ သန်းနဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းမှာ အဆင့်(၅)နေရာမှာ ရပ်တည်လျက်ရှိပြီး ဘယ်လင်ဂမ်ရဲ့ အင်္ဂလန် အသင်းကစားဖော်ဖြစ်တဲ့ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်က ပေါင် ၁၀၅ ဒသမ ၉ သန်းနဲ့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ကစားသမားစာရင်းရဲ့ အဆင့်(၆) နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် ပရီမီယာလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းမှ နောက်တန်းကစားသမား ရူဘင်ဒိုင်ယက်စ် ကလည်း ပေါင် ၉၃ ဒသမ ၆ သန်းနဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား စာရင်းမှာ အဆင့်(၉)နေရာမှာ ရပ်တည်နေ တယ်လို့ သိရပါတယ်။

လက်ရှိ CIEF က ရွေးချယ်ဖော်ပြခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀၀ စာရင်းမှာ အင်္ဂလန် ပရီမီယာလိဂ်ကလပ်အသင်းများမှ ကစားသမားတွေဟာ ၄၁ နေရာအထိ ကိုယ်စားပြုခံခဲ့ရတယ် လို့လည်း သိရပါတယ်။

ငွေကြယ်