၂၈  နိုဝင်ဘာ

 

ပီကေဝါးတာကို ကြိုက်လား၊ မကြိုက်ဘူးလား။ ပီကေဝါးတာကို ကြိုက်တဲ့သူတွေကရော ပီကေကိုဝါးနေပေမယ့် ကျန်းမာရေးအတွက် ကောင်းလား၊ မကောင်းဘူးလား ဆိုတာကို သေချာသိရဲ့လား။ ဒီတစ်ခေါက်တော့ ပီကေဝါးတာနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောကြည့်ရအောင်နော်။

 

ပီကေဆိုတာက

 

ပီကေဆိုတာက လူတိုင်းလည်းသိမှာပါ ခပ်ပျော့ပျော့ ဝါးစရာတစ်ခုပေါ့။ အချိုပါပြီး သစ်သီးနံ့လေးတွေနဲ့ရှိသလို၊ ပူရှိန်းအရသာနဲ့ ခံတွင်းအေးစေတဲ့ပီကေတွေလည်း ရှိပါတယ်။ ပီကေက ဝါးလို့ရပေမယ့် မျိုချလို့မရတဲ့ အစားအသောက်ပါ။ စားပြီးထွေးထုတ်ရပါမယ်။

 

ပီကေဝါးတာကောင်းလား၊ မကောင်းဘူးလား

 

ပီကေဝါးတာက ကျန်းမာရေးအတွက် ဆိုးကျိုးမရှိပါဘူး။ ဒီလိုမျိုးကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။

 

စိတ်တည်ငြိမ်စေတယ်

 

စိတ်အရမ်းလှုပ်ရှားတဲ့အခါ အကောင်းဆုံးဖြေရှင်းတဲ့ နည်းလမ်းထဲမှာ ပီကေဝါးတာကလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် အလုပ်ခွင်မှာ အရမ်းစိတ်လှုပ်ရှားတဲ့အခါဖြစ်ဖြစ်၊ ဒေါသထွက်ရင်ဖြစ်ဖြစ် ပီကေလေးဝါးစားလိုက်ပါ။ စိတ်ဖိစီးတဲ့အခါမှာလည်း ပီကေဝါးပေးပါ။

 

ဝိတ်ချဖို့ အထောက်အပံ့ပေးပါတယ်

 

ဝိတ်ချချင်သူတွေအနေနဲ့ ပူရှိန်းမဟုတ်ဘဲ သစ်သီးနံ့ပါတဲ့ ပီကေကို အစားစားပြီး တစ်နာရီလောက်အကြာမှာ ဝါးပေးမယ်ဆိုရင် သရေစာတွေ စားမိနိုင်ခြေနည်းသွားတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ဖြစ်မှာပါ။

 

မှတ်ဉာဏ်ကောင်းစေနိုင်တယ်

 

ပီကေဝေါးတဲ့အခါ ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု တိုးစေနိုင်တာကြောင့် ဦးနှောက်ကို လုပ်ငန်းဆောင်တာတ ွေကောင်းကောင်း လုပ်စေနိုင်ပါတယ်။ ဦးနှောက်က လုပ်ဆောင်မှုကောင်းလာတဲ့အခါ မှတ်ဉာဏ် ပိုကောင်းလာသလို အာရုံစိုက်နိုင်စွမ်းလည်း တိုးလာပါတယ်။ သိမြင်မှုစွမ်းရည်လည်း တိုးတက်ကောင်းမွန်လာစေမှာပါ။

 

အစာကြေစေနိုင်တယ်

 

ပီကေက အစာကြေစေနိုင်ပါတယ်။ အစာကြေစေဖို့ တိုက်ရိုက်အထောက်အပံ့မပေးပေမယ့် အစာခြေစနစ်ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့တော့ အထောက်အကူပြုပေးပါတယ်။ တံထွေးထွက်လာအောင် လှုံ့ဆော်ပေးသလို အစာခြေအင်ဇိုင်းနဲ့ သည်းခြေရည်တွေထွက်လာအောင် လှုံ့ဆော်ပေးတာကြောင့် အစာခြေစနစ်ကို ကောင်းကောင်း လည်ပတ်နိုင်အောင် လုပ်ဆောင် ပေးပါတယ်။ အစားစားပြီးချိန်မှာ ပူရှိန်းပါတဲ့ ပီကေဝါးပေးမယ်ဆိုရင် အစာကြေစေမှာပါ။

 

ပီကေဝါးတာကရင်ပူတာကို သက်သာစေနိုင်တယ်

 

အစားစားပြီးချိန်မှာ ပီကေဝါးတာက အက်ဆစ်ပြန်ဆန်တက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပြီး ရင်ပူတာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အစားမရှိဘဲနဲပတော့ ပီကေမဝါးပါနဲ့။ အစာခြေအက်ဆစ်တွေအထွက်လွန်ပြီးလေအောင့်တာ၊ ဗိုက်ပွတာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပါ။

 

သွားတွေကို ကြံ့ခိုင်စေနိုင်တယ်

 

သွားတွေကို သွားပိုးစာတာကနေ ကာကွယ်ဖို့ဆိုရင် သွားနေ့တိုင်းတိုက်တာအပြင် နောက်ထပ် နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ အစားစားပြီးချိန်မျာ အချိုမပါတဲ့ ပီကေဝါးတာပါ။ ဒီလိုဝါးပေးတာက သွားတွေမှာ ကပ်ကျန်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်သလို ခံတွင်းထဲက ဘက်တီးရီးယားတွေကိုသ ေစေနိုင်မှာပါ။

 

ခံတွင်းခြောက်တာကို သက်သာစေနိုင်တယ်

 

ပီကေဝါးတာက တံထွေးတွေထွက်လာအောင် လှုံ့ဆော်ပေးပြီး ခံတွင်းမခြောက်အောင် လုပ်ဆောင်ပေးသလို ခံတွင်းခြောက်တာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

 

မအီမသာဖြစ်တာကို သက်သာစေနိုင်တယ်

 

ကားစီးရင်း၊ လေယာဉ်စီးရင်းဖြစ်ဖြစ် လှေစီးတာ ရထားစီးတာကြောင့်ဖြစ်ဖြစ် မအီမသာဖြစ်နေရင် ပီကေလေးဝါးလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။ ပီကေကဒါတွေတင်မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ပျို့အန်မှုတွေနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

 

ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပြုနိုင်တယ်

 

ဆေးလိပ်ဖြတ်ချင်သူတွေအနေနဲ့ ဆေးလိပ်သောက်ချင်လာတဲ့အခါ ပီကေဝါးပြီး အာသီသကို ဖြေဖျောက်လို့ရပါတယ်။ ဒါကြောင့်ဘေးကင်းကင်းနဲ့ ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် ပီကေဝါးပါ။

 

ကဲ ဒီလောက်တောင်ဆိုတော့ အိတ်ထဲမှာ အပျင်းပြေဖြစ်ဖြစ် လိုအပ်ရင်ဝါးဖို့ဖြစ်ဖြစ် ပီကေလေးတော့ ဆောင်ထားလိုက်ပါနော်။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”