ရန်ကုန် ၂၇ နိုဝင်ဘာ
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီအရောင်းဆိုင် ၅၀၀ ကျော် စစ်ဆေးခဲ့ပြီး အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု မရှိသည့် အရောင်းဆိုင် ၆၇ ဆိုင်အား ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Mobile Fuel Lab မော်တော်ယာဉ် ၆ စီးကို အသုံးပြု၍ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းထားသည့်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများကလည်း Mobile Fuel Lab မော်တော်ယာဉ်မပါဘဲ ရှောင်တခင် ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး စက်သုံးဆီ နမူနာများကိုရယူကာ သက်ဆိုင်ရာဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ် စစ်ဆေးမှုများပြုလုပ်ပြီး ကိုက်ညီမှန်ကန်မှုမရှိသော အရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုဝင်ဘာလကုန်ပိုင်းအထိ နိုင်ငံအဝှမ်းတွင် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၆၄၃ ဆိုင်အား စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို စိစစ်ခွင့်ပြု ထုတ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၈၆ ဆိုင်အား စိစစ်ခွင့်ပြုထုတ်ပေးထားကြောင်း သိရသည်။
ငြိမ်းငြိမ်း