ဝါရှင်တန် အောက်တိုဘာ ၂၅

အီရတ်နှင့်     ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းများကို   အောက်တိုဘာ   ၁၇    ရက်မှ  ၂၄   ရက်အထိ  အီရန်ကို  ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့အစည်းများက ၁၃  ကြိမ် ထက်မနည်း   တိုက်ခိုက်ခဲ့သည်ဟု    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အီရတ်ရှိ  အမေရိကန်အခြေစိုက်စခန်းကို  ၁၀ ကြိမ်၊ ဆီးရီးယားရှိ အခြေစိုက်စခန်းကို  သုံးကြိမ်  ဒရုန်းများ၊ ဒုံးကျည်များ အသုံးပြုကာ  တိုက်ခိုက်ခဲ့သည်ဟု ပင်တဂွန်  ပြောရေးဆိုခွင့်ရှိသူ  ပတ်ရိုက်ဒါက အောက်တိုဘာ ၂၄ ရက်တွင်   သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့်   သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံတောင်ပိုင်း အမေရိကန်အခြေစိုက်စခန်း တိုက်ခိုက် ခံရမှုကြောင့်  တပ်ဖွဲ့ဝင် ၂၀   ထက်မနည်း    အသေးစားဒဏ်ရာများ ရရှိခဲ့သည်ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ပြောကြားခဲ့ကြောင်း အင်န်ဘီစီရုပ်သံတွင်     ဖော်ပြထားသည်။

ယင်းသို့  တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက်  အရှေ့အလယ်ပိုင်းဒေသ အမေရိကန်ကာကွယ်ရေး အနေအထား ခိုင်မာစေရန် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင်  အခြားသော  လုပ်ဆောင်မှုများ  လုပ်ဆောင်သွားမည်ဟု      အမေရိကန်ကာကွယ်ရေးဝန်ကြီး  လွိုက်အော်စတင်က   အောက်တိုဘာ ၂၁ ရက်က  ပြောသည်။  အီရန်နှင့် အခြားသော   အုပ်စုများကြောင့်   လက်ရှိဖြစ်ပေါ် နေသည့်   အစ္စရေးနှင့် ပါလက်စတိုင်းဟားမားစ်အုပ်စုတို့အကြား ပဋိပက္ခများ ပို၍အရှိန် ကောင်းလာမည်ကို အမေရိကန်က စိုးရိမ်နေသည်။ 

အင်န်အိတ်ချ်ကေ