ရန်ကုန် ဧပြီ ၁၁

ပီလောပီနံမှုန့်များ စျေးငြိမ်နေသော်လည်း တရုတ်နိုင်ငံဘက်က အဝယ်များသောကြောင့် ရောင်းကောင်းနေကြောင်း ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေး အသိုင်းအဝိုင်းက သိရသည်။

ပီလောပီနံဥမှာ နှစ်စဉ်ဆောင်းရာသီကာလများ၌ စတင်ထွက်ပေါ်လေ့ရှိပြီ ယခုနွေရာသီကာလအချိန်မှာ ပီလောပီနံဥထွက်ရှိသည့် အချိန်မဟုတ်ဘဲ ပီလောမှုန့် ဈေးကွက်သာရှိသော်လည်း ရောင်းကောင်းသည့်ကာလ ဖြစ်နေကြောင်း သိရသည်။

" အမှုန့်က အခုလက်ရှိ ဖောက်သည်စျေး တစ်ပိသာကို သုံးထောင်ဝန်းကျင်ရှိတယ်။ သူကတက်လည်းမတက်ဘူး ၊ ကျလည်းမကျဘူး။ အခုကအတောင့်လိုင်းကပြီးသွားပြီ အချောအမှုန့်လိုင်းပေါ့။  ပီလောပီနံမှုန့်ပေါ့။ သူကတော့အစုံလုပ်လို့ရတယ်။ ဂျူံအစားထိုးလုပ်လိုရတယ်။ သာကူစေ့တို့ ဘာတို့လုပ်ရတယ်။ တောင်သူကတော့တက်ဖို့ မျှော်လင့်တာပဲ။ အရင်ကာလတွေတုန်းကတော့ ကျပ်နှစ်ထောင့်ရှစ်ရာ သုံးထောင်ပေါ့။ တရုတ်ဘက် ဝယ်ကြတာများတယ်။ သူတို့ကတော့အမှုန့်ဝယ်ပြီး ကုန်ချောထုတ်ကြတယ်။  တောင်သူကတော့ ဒါမှပဲ အဆင်ပြေကြတာပေါ့ " ဟု ပီလောပီနံစိုက် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာတို့ စားသုံးသည့် စားစရာတမျိုးဖြစ်သော သာကူစေ့ကို ဆာဂိုပင်အပြင် ပီလောပီနံဥမှလည်း ထုတ်လုပ်လေ့ရှိပြီး  လက်ရှိဈေးကွက်တွင်ရှိသော သာကူစေ့အများစုကို ပီလောပီနံဥမှ ထုတ်လုပ်ထားခြင်းဖြစ်ကာ ပီလောပီနံဥတွင်လည်း ကစီဓာတ်မြင့်မားစွာပါဝင်သဖြင့် ဆာဂိုပင်မှထုတ်သော သာကူစေ့နှင့် ပီလောပီနံဥမှထုတ်သော သာကူစေ့သည် ကွာခြားမှုမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ပီလောပီနံမှုန့် ဝယ်လိုအားများသည် နိုင်ငံ နှစ်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေမြေအနေအထားအရ အထက်ပါ စျေးကွက်ဝယ်လိုအား ကောင်းသည့် နိုင်ငံ နှစ်နိုင်ငံအကြား တည်ရှိနေရာ အဆိုပါ သီးနှံသည် မြန်မာနိုင်ငံ အတွက် နိုင်ငံခြားဝင်ငွေကို ရရှိနိုင်သော သီးနှံတစ်မျိုးလည်း ဖြစ်နေကြောင်း သိရသည်။

ပီလောပီနံကို မိရိုးဖလာမြေပုံစနစ်ဖြင့် စိုက်ပျိုးခဲ့သော်လည်း ယခုအခါတွင် စိုက်ဘောင်စနစ်ဖြင့်ပြောင်းလဲ စိုက်ပျိုးသောကြောင့် အထွက်နှုန်း တိုးတက်နေကာ ဥများကို ၈ လ မှစတင်၍ တူးဖော်နိုင်ပြီး ၁၅ လကျော်မှတူးဖော်လျှင် ကုန်ချောအထွက်နှုန်း ကျဆင်းနိုင်ကာ မျိုးကိုင်းအဖြစ်ထုတ်လုပ်မည်ဆိုပါမူ ၁၀ လကျော်မှထုတ်လုပ်နိုင်ပြီး ၁၅ လကျော်မှထုတ်လုပ်လျှင်မှု အပင်ပေါက်ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်းလည်း သိရသည်။

Thit Taw