mdn

ရန်ကုန်  ၂  ဇန်နဝါရီ

 

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ပီနန်အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် လူငယ်နှင့် အလွတ်တန်း နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် လက်ဝှေ့ကစားသမားများက ရွှေတစ်၊ ငွေတစ်၊ ကြေးနှစ်ခု ရရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

 

အဆိုပါ ကစားသမားများအား မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပံ္ပ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။  

 

အဆိုပါ ပြိုင်ပွဲတွင် အမျိုသား ၇၅ ကီလို မစ်ဒယ်ဝိတ်တန်း၌ ရဲလင်းထွန်းက ရွှေတစ်ခု၊ ၆၄ ကီလို လိုက်ဝယ်တာဝိတ်တန်း၌ သီဟဇော်က ငွေတစ်ခု၊ ၅၆ ကီလိုတန်းတွင် ပြည့်စုံက ကြေးတစ်ခု၊ ၆၄ ကီလိုတန်းတွင် ကျော်မင်းဦးက ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ 

 

“ကျွန်တော်တို့ ၂၀၁၃ အိမ်ရှင်ဆီဂိမ်းမှာ ရွှေနှစ်ခုရပြီး နောက်ပိုင်းကစကာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ် မရခဲ့ပါဘူး။ ယခုလိုနှစ်သစ်မှာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ရခဲ့တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီပြိုင်ပွဲအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကနေ လက်ရွေးစင် လူငယ်၊ လူကြီး ရွေးချယ်စခန်းသွင်း လေ့ကျင့်ပြီး ယှဉ်ပြိုင်ကြတာပါ။ ဒါကြောင့် လက်ဝှေ့ကို ငယ်စဉ်ထဲက မွေးထုတ်မှ အောင်မြင်တဲ့ ကစားသမားဖြစ်မှာပါ။ ပြိုင်ပွဲမှာ အဖွဲ့ချုပ်ကပါသွားတဲ့ တာဝန်ရှိသူများက အနီကပ်ကြီးကြပ်မှုနဲ့ အောင်မြင်မှုရရှိခဲ့ကြတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ပြောသည်။ 

 

မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်သည် လာမည့် (၃၀)ကြိမ်မြောက် ဆီဂိမ်းတွင် ရွှေတံဆိပ်များ မျှော်မှန်ထားကြောင်း သိရသည်။

 

အာကာစိုး၊ ဓာတ်ပုံ-အောင်နိုင်ဝင်း(အား/ကာ)