၄ ဇူလိုင်
အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့က၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤပူးတွဲကြေညာချက်၏ ရည်ရွယ်ချက်သည် ကျင့်ဝတ်ပြည့်ဝသည့် စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ ဖွံ့ဖြိုးလာစေရန်နှင့် အဂတိလိုက်စားမှု ဆန့်ကျင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ဂုဏ်သိက္ခာ၊လူမှုစီးပွားအသင်း အဖွဲ့များ၏ ဂုဏ်သိက္ခာတို့ကို ပိုမိုမြှင့်တင်နိုင်တော့မည် ဖြစ်ပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ ပညာပေးရေးကို ဦးစားပေး လုပ်ငန်းများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှုဆန့်ကျင်ရေးကျင့်ဝတ် ရေးဆွဲရေး (Code of Conduct-CoC) ၊ အဂတိ်လိုက်စားမှု မဖြစ်ပွားစေရန် တားဆီးကာကွယ်သည့် နည်းလမ်းများနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအပေါ် ဆန်းစစ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် တစ်ရပ်မှာလည်း ဤအသင်း ချုပ်၏ အဖွဲ့ဝင်များအား United Nations Global Compact (UNGC) ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရေးကို တိုက်တွန်း အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ United Nations Global Compact (UNGC) ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ပါက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ မိမိဝန်ထမ်းများ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှု ဆန့်ကျင်ရေးအား အမြဲထိန်းသိမ်း အကောင်အထည်ဖော်ရေး တို့ကို လိုက်နာအကောင်အထည် ဖော်ရမည် ဖြစ်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် သိသာထင်ရှားသော ရလဒ်ကောင်းတို့ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ ပထမဦးဆုံးသော ရလဒ်ကောင်းမှာ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အသင်းဝင်ကုမ္ပဏီများ အနေဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကို ရေးဆွဲရာတွင် ပူးပေါင်းပါဝင်ကူညီလာစေပြီး ဤကျင့်ဝတ် စည်းမျဉ်းများကိုလည်း လိုက်နာလာစေမည် ဖြစ်ပါသည်။ ထို့အပြင် ဤအသင်းချုပ်ကြီး၏ အသင်းဝင်ကုမ္ပဏီများအနေဖြင့် အဂတိလိုက်စား မှုဆိုင်ရာ အသိပညာပေး လုပ်ငန်းများနှင့် စွမ်းရည်မြှင့်အစီအစဉ်များ စီစဉ်အကောင်အထည်ဖော်ရေး၌ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ခွင့် ရရှိတော့မည် ဖြစ်ပါသည်။ အဂတိလိုက်စားမှုဆန့်ကျင်ရေးဆိုင်ရာ အရေးကြီးသည့် ပံ့ပိုးမှုလုပ်ငန်းစဉ် တစ်ရပ်အဖြစ် လုပ်ငန်းကုမ္ပဏီများနှင့် ပုဂ္ဂလိကကဏ္ဍအ သင်းအဖွဲ့များကြားတွင် အဂတိလိုက်စားမှု ဆန့်ကျင်ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် အလေ့အကျင့်ကောင်းများမျှဝေနိုင်ရေး ကွန်ရက်များတည်ဆောက်ရေး (United Nations Global Compact Network Myanmar) နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုကဲ့သို့ အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးလိုက်ခြင်းကို လေးလေးနက်နက် ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။
မြန်မာ့အလင်း