ဦးကျော်ကျော် (တရားရေး)
မိဘနှစ်ပါး အဆင်မပြေခြင်းနှင့် သားသမီးများ၏ စိတ်ခံစားမှုများ
အဖေနှင့် အမေ လမ်းခွဲကြတော့မည်ဆိုသည့် စကားကြောင့် မနှင်းအေးဝေတို့ မောင်နှမသုံးဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိတ်မသက်မသာ ဖြစ်ခဲ့ရပါသည်။ ဖခင်ဖြစ်သူ၏ အိမ်အပြန် သောက်စားလာတတ်ခြင်း၊ မိခင်ဖြစ်သူ၏ မြည်တွန်တောက်တီးခြင်းများကြောင့် ညစဉ်စိတ်မချမ်းမသာ ဖြစ်ခဲ့ရ၍ မနှင်းအေးဝေ၊ မောင်မျိုးခိုင်ထွန်းနှင့် မအေးချမ်းသူတို့ မောင်နှမသုံးယောက်မှာ မအေးချမ်းနိုင်တော့ဘဲ သောကများ ဝေခဲ့ရတာကြာပါပြီ။ ဖခင်ဖြစ်သူ၏ မူးယစ်ကာ ပြန်လာတတ်ခြင်း၊ မိခင်ဖြစ်သူ၏ ဖခင်အပေါ် မကျေမချမ်း ပြောဆိုနေတတ်ခြင်း၊ အပြန်အလှန်အော်ဟစ် ပြောဆိုရာမှ ရိုက်မောင်းပုတ်မောင်း ပြုတတ်ခြင်း၊ ပန်းကန်များ ရိုက်ခွဲခြင်းများကြောင့် မောင်နှမသုံးဦးမှာ တစ်ဦးကို တစ်ဦးကြည့်ရင်း အပြန်အလှန် ဖြေသိမ့်ကာ အဆင်မပြေသော ညပေါင်းများစွာကို ဖြတ်သန်းနေရပါသည်။ အစ်မအကြီးဖြစ်သူ ကျွန်မမနှင်းအေးဝေမှာလည်း စတုတ္ထနှစ် ဥပဒေကျောင်းသူ တစ်ဦးမျှသာဖြစ်၍ မိဘများ၏ အထောက်အပံ့ အမှီအခိုဖြင့်သာ ရပ်တည်နေရသူဖြစ်သည်။ အလတ်ဖြစ်သူ မောင်မျိုးခိုင်ထွန်းမှာလည်း ဒုတိယနှစ် အင်ဂျင်နီယာ ကျောင်းသားတစ်ဦးဖြစ်ကာ အဖေအမေ၏ ပံ့ပိုးမှုဖြင့်သာ ကျောင်းတက်နေရသူ တစ်ဦးဖြစ်ပြီး အငယ်ဆုံး သမီးလေး မအေးချမ်းသူမှာ ၈ တန်း ကျောင်းသူလေးသာဖြစ်၍ မိခင်ဖခင်တို့၏ အဆင်မပြေမှု အိမ်ထောင်ရေးအောက်တွင် မအေးချမ်းနိုင်ဘဲ မိဘများ အဆင်ပြေပါစေကြောင်းသာ ကြိတ်၍ဆုတောင်းရင်း အဆင်ပြေလာမည့် မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်နေကြရပါသည်။ မိခင်ဖခင်တို့ အဆင်ပြေနေသည့်အချိန်များက ဖခင်ဖြစ်သူက ကားကိုမောင်း၊ မိခင်ဖြစ်သူက သားသမီးများ၏ ကျောင်းလွယ်အိတ်ကိုကိုင်ကာ ကျောင်းလိုက်ပို့ချိန်၊ မိသားစုဘုရားဖူးထွက်ချိန်၊ စူပါမားကတ်တွင် ကျွန်မတို့လိုအပ်သည်များ ဝယ်ယူချိန်များ၊ သာယာချမ်းမြေ့စွာ မိသားစုဘဝ ဖြတ်သန်းနေရချိန်များကိုသာ မဝံ့မရဲမျှော်တွေးရင်း နေရပါသည်။
မိသားစုပြဿနာ အစ
မိခင်ဖြစ်သူဘက်မှ ညီအစ်မများက ဖခင် ဦးမျိုးမောင်မောင်ဦး မကြာခဏ မူးယစ်သောက်စား နေမှုများအပေါ် ပြစ်တင်ဝေဖန်မှုများကို မိခင်ဖြစ်သူက လက်ခံကာ ပုံကြီးချဲ့အပြစ်မြင်နေတတ်ပါသည်။ ဖခင်၏အစ်မ အပျိုကြီးများကလည်း ဝင်ငွေကောင်းသည့် ၎င်းတို့၏မောင်ကို အရယူခဲ့သူဟု အိမ်ထောင် မကျမီကပင် မေမေ့အပေါ် ငြူစူခဲ့ကြကာ ယခုတိုင်လည်း မောင်ဖြစ်သူအား မပေါင်းချင်ရင်နေ၊ ငါ့မောင်ကို ယူမယ့်သူတွေ အများကြီးရှိတယ်ဟု သွေးထိုးနေကြဆဲဖြစ်ရာ အဒေါ်အပျိုကြီးများက ဖခင်၏အပြစ်ဟု မမြင်၊ လင်ယောကျ်ားအပေါ် နားမလည်ရကောင်း လားဟူ၍ပင် အပြစ်မြင်တတ်ကြသည်။
တရားမမှု စွဲဆိုခြင်း
အေးချမ်းစွာ နေထိုင်တတ်ပြီး အသန့်အပြန့် ကြိုက်သည့် အရာရှိငယ်တစ်ဦးဖြစ်သူ မိခင် ဒေါ်စမ်းသီတာမှာ ဖခင်၏ ရံဖန်ရံခါ မူးလာတတ်သည်များကို ဘဝင်မကျသော်လည်း ကလေးငယ်များ၊ သားသမီးများ မျက်နှာကိုထောက်၍ နှစ်ပေါင်းများစွာ သည်းခံလာရာမှ ပတ်ဝန်းကျင်ဘေးတီးမှုများကြောင့် ယခုအခါတွင်တော့ တရားရုံးတွင် လင်မယား ကွာရှင်းပြတ်စဲစေလိုမှု၊ ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆို သည်အထိ ဖြစ်ခဲ့ကြရသည်။
ပြဿနာဖြစ်ရသည့် အကြောင်းရင်း
ဖခင်မှာ အပေါင်းအသင်းများတွေ့လျှင် သောက်စားတတ်၊ အိမ်ပြန်နောက်ကျတတ်၊ မူးလာလျှင် အနည်းငယ် ရမ်းကားတတ်သော်လည်း မိသားစုအပေါ် တာဝန်ကျေသူ၊ သံယောဇဉ်ကြီးသူ ဖြစ်ပါသည်။ မိခင်မှာလည်း လင်ယောကျ်ားအပေါ် သည်းခံနိုင်သူ၊ မိသားစုသံယောဇဉ်ကြီးသူဖြစ်သော်လည်း အစ်မ၊ ညီမများနှင့် ပတ်ဝန်းကျင် စကားများကို လက်ခံယုံကြည်တတ်သူတစ်ဦးဖြစ်၍ ယခုကဲ့သို့ မိသားစုပြိုကွဲမည့်အရေးအထိ ပြဿနာကြီးထွား လာခဲ့ရသည်။
သားသမီးများ၏ နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲများ
မိမိတို့ မောင်နှမသုံးဦးမှာလည်း ရန်ကုန်မြို့ လူကုံထံရပ်ကွက်ရှိ မိခင်ဘက်မှ အဘိုးအဘွား များထံမှ အမွေရသော အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်ရပါသော်လည်း နံနက်မျက်စိနှစ်လုံးပွင့် သည်မှ အိပ်ရာဝင်သည်အထိ အဆင်မပြေခြင်း များစွာနှင့် မိမိကိုယ်တိုင်ကြုံရသလို မောင်ငယ်၊ ညီမငယ်လေးများ၏ အဆင်မပြေမှုများကို မိဘများ ကိုယ်စား စွမ်းသမျှ ဝင်ရောက်ဖြေရှင်းပေးနေရပါသည်။ အတူနေ အဒေါ်များမှာလည်း မိခင်အပေါ် မြှောက်ပေးခြင်းသာရှိပြီး ဖခင်ပြန်မလာ၍ ကျောင်းသွားရာတွင် တွေ့ရသည့် အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲများကို ကူညီဖြေရှင်း ပေးခြင်းမရှိ မသိကျိုးကျွန်ပြုခဲ့ကြသည်။
ပျော်ရွှင်မှုများ ဆိတ်သုဉ်းခြင်း
မိမိမှာလည်း ကျောင်းစာတစ်ဖက်ဖြင့် မိခင်ကို ဖြေသိမ့်ရ၊ မောင်ငယ်၊ ညီမငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရနှင့် ဖခင်ဖြစ်သူ၏ အရိပ် အာဝါသကင်းသောကာလ မိခင်ဖြစ်သူ၏ လန်းဆန်း တက်ကြွမှုမရှိသော ကာလများကို စိတ်မချမ်းမြေ့စွာ ကြိတ်မှိတ် ခံစားဖြတ်သန်းနေရပါသည်။ အမှုရင်ဆိုင် မည်ဆိုကတည်းက ရုံးချိန်းသွားရခြင်း၊ တရားစရိတ်၊ ရှေ့နေစရိတ် ကုန်ကျခြင်းများကြောင့် မိသားစု စားဝတ်နေရေးမှာလည်း မလောက်မငပူပန်မှုများနှင့် ချို့တဲ့စွာလျှောက်လှမ်းနေရပါသည်။ ဒီကြားထဲ ရှိစု မဲ့စု ပိုင်ဆိုင်မှုလေးကို အဖေနှင့် အမေ ခွဲဝေကြပါ လျှင် မိမိတို့မောင်နှမသုံးဦး၏ အနာဂတ်မှာလည်း မတွေးရဲလောက်စရာပင် ဖြစ်လာရပါသည်။ မိခင်နှင့် ဖခင်တို့၏အမှုကို တရားရုံးကဘယ်လိုများ ဆုံးဖြတ်မှာလဲဆိုသည်ကို ညစဉ်တွေးတောပူပန်ရ၊ ကုန်ကျ စရိတ်များအတွက် တွေးတောပူပန်ရ၊ ငေးမှိုင်နေသော မိခင်ကို အားပေးရနှင့် ပျော်ရွှင်မှုများ ဆိတ်သုဉ်းနေသည်မှာလည်း ကြာမြင့်ခဲ့ပါပြီ။
စေ့စပ်ဖြေရှင်းရေးဌာနသို့ အမှုတွဲလွှဲပို့ခြင်း
ကျောင်းတွင် တရားမဘာသာ သင်ကြားသည့် ဆရာမက ယခုအခါ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးနေပြီဖြစ်ကြောင်း၊ မိသားစုဆိုင်ရာ တရားမမှုများ၊ ငွေကြေးဆိုင်ရာ တရားမမှု၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာတရားမမှုများကို စေ့စပ်ဖြေရှင်းပေးကြောင်း သိရသဖြင့် မိခင်ဖြစ်သူကို အသိပေးပြီး နှစ်ဖက် စေ့စပ်ဖြေရှင်းလိုကြောင်း ရှေ့နေကြီးကိုပြောခဲ့ပါသည်။ ရှေ့နေကြီးကလည်း စိတ်အားထက်သန်စွာပင် တရားခွင်တွင် တင်ပြပေးခဲ့ပြီး တရားသူကြီးက လည်း စေ့စပ်ဖြေရှင်းရန် သတ်မှတ်ထားသည့် အမှုဖြစ်၍ ဆောင်ရွက်ရန် စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲပို့ပေးခဲ့ပါသည်။
စေ့စပ်ဖြေရှင်းရေးဌာနသို့ သွားရောက်ရမည့် စိတ်ခံစားမှုများ
စေ့စပ်ဖြေရှင်းရေးဌာနသို့ သွားရောက်မည့် မိခင်က စိတ်လှုပ်ရှားနေသဖြင့် ဥပဒေကျောင်းသူ သမီးကြီး ကျွန်မကို အဖော်အဖြစ်ခေါ်ပါသည်။ မောင်ငယ် ညီမငယ်များကလည်း လိုက်ချင်ပါသည်ဆိုသောကြောင့် သားအမိလေးယောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားမမှုများကို စေ့စပ်ဖြေရှင်းပေးရာ ရန်ကုန်မြို့ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) ရှိ စေ့စပ်ဖြေရှင်းရေးဌာနသို့ စိတ်လှုပ်ရှားစွာဖြင့် နံနက်စောစော ရောက်လာကြပါသည်။
မတွေ့ရတာကြာပြီဖြစ်သော ဖခင်ကိုတွေ့ချင်ဇောဖြင့် မနက်စောစောထကာ တက်ကြွနေကြသလို ဘယ်လိုအဆုံးအဖြတ် ပြုမှာလဲဆိုသော မောင်ငယ်၊ ညီမငယ်များမေးသမျှကို ရှင်းပြရပါသေးသည်။ မိခင်ကလည်း ဟိုရောက်ရင် ဘာပြောရမှာလဲ၊ ဟိုလူ(ဖခင်)ကို ဘာပြောရမှာလဲဟု စိတ်လှုပ်ရှားစွာ အကြိမ်ကြိမ်အထပ်ထပ် မေးသမျှ စေ့စပ်ဖြေရှင်းရေးအရာရှိက အဆင်ပြေအောင်ဆောင်ရွက်ပေးမှာပါဟုသာ ထပ်တလဲလဲ ဖြေနေရပါသည်။
စေ့စပ်ဖြေရှင်းရေးဌာနသို့ သွားရောက်ခြင်း
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနရှိရာ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ကြား ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံကြားရှိ မဟာဗန္ဓုလ ပန်းခြံနှင့် ယှဉ်တွဲတည်ရှိနေသော တရားလွှတ်တော် အဆောက်အအုံကြီးမှာ ရှေးဟောင်းဗိသုကာ လက်ရာများနှင့် ထည်ဝါလှပါသည်။ နာရီစင်အောက်မှ ဖြတ်လျှောက်ရာတွင် ရှေးဟောင်းအဆောက်အအုံ ဖြစ်ကြောင်း၊ အပြာရောင်ဆိုင်းဘုတ်လေးက နှစ်တစ်ရာကျော် အဆောက်အအုံဖြစ်ပြီး မြန်မာ့တရားစီရင်ရေးသမိုင်း တာဝန်များကို နှစ်တစ်ရာကျော် ဦးစီးဖော်ဆောင်ခဲ့ရာ ဌာနကြီးဖြစ်ကြောင်း ဖော်ပြလျက်ရှိပါသည်။
စေ့စပ်ဖြေရှင်းရေးဌာန
စေ့စပ်ဖြေရှင်းရေးရုံးခန်းများ တည်ရှိရာ အဆောက်အအုံမှာ ရှေးဟောင်းအဆောက်အအုံ ဖြစ်သော်လည်း စေ့စပ်ဖြေရှင်းရေး ရုံးခန်းများမှာ ခေတ်မီအပြင်အဆင်၊ ပရိဘောဂများ၊ လက်ပ်တော့များ၊ စေ့စပ်ဖြေရှင်းရေး အကျိုးကျေးဇူးများကို တွေ့ဆုံမေးမြန်းရှင်းပြနေသော တီဗီ၊ ခေတ်မီ ကွန်ပျူတာများဖြင့် အခန်းတိုင်းတွင် လေအေးပေးစက်များ တပ်ဆင်ထားပြီး ခေတ်မီသပ်ရပ်လှပစွာ ဖွဲ့စည်းတည်ထောင်လျက် လုပ်ငန်းများ ဆောင်ရွက် နေကြသလို စေ့စပ်ဖြေရှင်းရေးအရာရှိများ (စေ့စပ် ဖြေရှင်းရေးဌာနဝန်ထမ်းများ) ၏ အပြုံးကလည်း စေ့စပ်ဖြေရှင်းရန် လာရောက်သူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။
စေ့စပ်ဖြေရှင်းခြင်း၏ အကျိုးကျေးဇူးများ
စေ့စပ်ဖြေရှင်းရေးဌာနတွင် စေ့စပ်ဖြေရှင်းသူ အရာရှိက စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားရုံးတွင် တရားမမှုစွဲဆိုပြီးနောက် နှစ်ဖက်အမှုသည်များအကြား အငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေး အရာရှိ၏ အကူအညီရယူ၍ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် ကျေနပ်လက်ခံနိုင်သည့် သဘောတူညီမှု ရရှိစေသည့် နည်းလမ်းဖြစ်ကြောင်း၊ စေ့စပ်ဖြေရှင်းခြင်းဖြင့် အချက်အလက်များကို လုံခြုံစွာလျှို့ဝှက်ထားနိုင်ခြင်း၊ အမှုသည်များ ကိုယ်တိုင်လွယ်ကူစွာပါဝင် နိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အမှုသည်များအား စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ အချိန်တိုအတွင်း ဖြေရှင်းနိုင်ခြင်း၊ အမှုသည်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းပြပါသည်။
စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ခြင်း
စေ့စပ်ဖြေရှင်းရေးဌာနသို့ ရောက်ရှိသည့်အခါတွင် အမှုသည်များ စောင့်ဆိုင်းသည့်နေရာ၌ စေ့စပ်ဖြေရှင်းရေးဌာနမှ ဝန်ထမ်းတစ်ဦးက ခရီးဦးကြိုပြီး စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရမည့် ရုံးခန်းကို ညွှန်ပြပါသည်။ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရန် စောင့်ဆိုင်းနေစဉ် ရုံးခန်းရှေ့၌ကပ်ထားသော စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ဖတ်ရှုခဲ့ရပါသည်။ ခဏအကြာ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရန် ရုံးခန်းထဲသို့ ဝင်ရောက်စေသဖြင့် မိဘနှစ်ပါး၊ နှစ်ဖက်ရှေ့နေများနှင့်အတူ ကျွန်မတို့မောင်နှမများ လိုက်ပါဝင်ရောက်ခဲ့သည်။ ရုံးခန်းအတွင်းသို့ ရောက်ရှိသည့်အခါ ကြိုဆိုနေသော တာဝန်ကျစေ့စပ်ဖြေရှင်းရေးအရာရှိ၏ (ဖော်ရွေသော) အပြုံးက လာရောက်ကြသူများကို စိတ်သက်သောင့်သက်သာဖြစ်စေခဲ့ပါသည်။ စေ့စပ်ဖြေရှင်းရေး အရာရှိက မိသားစုကိစ္စဖြစ်၍ နှစ်ဦးနှစ်ဖက်အဆင် ပြေစေရန် မျက်နှာချင်းဆိုင် ပြောဆိုညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ဇနီးမောင်နှံဆိုသည်မှာ အရင်းနှီးဆုံး မိသားစုဝင်များဖြစ်၍ နွေးထွေးပွင့်လင်းစွာ ပြောဆိုညှိနှိုင်းနိုင်ကြောင်း ရှင်းလင်းပြောကြားပါသည်။ ထိုအခါ မိခင်နှင့် ဖခင်တို့နှစ်ဦးစလုံး၏ မျက်ဝန်းအိမ်တွင် မျက်ရည်များဝေ့နေသည်ကို ကျွန်မရိပ်မိသလို စေ့စပ်ဖြေရှင်းရေး အရာရှိကလည်း ရိပ်မိလိုက်ပါသည်။ ထို့ကြောင့် စေ့စပ်ဖြေရှင်းရေး အရာရှိသည် သူ၏ စေ့စပ်ဖြေရှင်းရေးလုပ်ငန်း အောင်မြင်မည်ဟူသော ယုံကြည်မှုအပြည့်ဖြင့် ညှိနှိုင်းပေးလိမ့်မည်ဟု ကျွန်မယုံကြည်မိပါသည်။ ကျွန်မတို့ မောင်နှမများ၏ မိသားစုမပြိုကွဲလိုသော စိတ်ဆန္ဒကိုလည်း စေ့စပ်ဖြေရှင်းရေးအရာရှိက ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်မိပါသည်။ ဆက်လက်၍ စေ့စပ်ဖြေရှင်းရေး အရာရှိက ညှိနှိုင်းသည့်အကြောင်း အရာများကိုလည်း လျှို့ဝှက်ထားမည်ဖြစ်၍ ကျွန်မတို့ မောင်နှမ သုံးဦးအား ရုံးခန်းပြင်ပတွင် စောင့်ဆိုင်းနေစေ၍ ကျွန်မတို့ရုံးခန်းပြင်ပ၌ စောင့်ဆိုင်းနေခဲ့ပါသည်။
စေ့စပ်ဖြေရှင်းရေး အောင်မြင်မှုရရှိခြင်း
ခဏအကြာ အဖေရော အမေပါ စေ့စပ်ဖြေရှင်းရေး ရုံးခန်းအတွင်းမှ တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှုအပြုံးများနှင့် နှစ်ဦးယှဉ်တွဲ ထွက်လာကြပါသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပါးနပ်ကျွမ်းကျင်လှသော စေ့စပ်ဖြေရှင်းရေး အရာရှိ၏ စာနာတတ်သော စကားလုံးများသည် သံယောဇဉ်များ အထပ်ထပ်ရစ်ပတ်ထားသော မိခင်ဖခင်တို့၏ မာန်မာနများ၊ တင်းမာမှုများကို အရည်ပျော်အောင် စွမ်းဆောင်အောင်နိုင်ခဲ့ပြီကို ကျွန်မသိလိုက်ရပါသည်။ မလွှဲသာသဖြင့် ခွဲခွာရန်ခြေလှမ်းခဲ့သော တင်းမာမှုပြဿနာများဖြင့် ရစ်ပတ်ထားသည့် မိခင်ဖခင်တို့၏ သံယောဇဉ် နှလုံးသားတစ်စုံ၏ စေ့ထားသော တံခါးနှစ်ချပ်ကို တရားစီရင်ရေးယန္တရားက ဖန်တီးထားသော စေ့စပ်ဖြေရှင်း ရေးသော့တံဖြင့် ဖွင့်လှစ်နိုင်ခဲ့လေပြီ။
ဖခင်၏နှလုံးသားမှ ပွင့်အံလာသော နောင်ကို အရင်လိုအကျင့်ဆိုးတွေ မပြုမိအောင် ပြုပြင်ပါ့မယ် ဆိုသောစကားသံနှင့် မိခင်ကလည်း ဖခင်အပေါ် အရာရာနားလည်ခွင့်လွှတ်ပါမယ်ဟု ပွင့်အံလာသော စကားသံက ကျွန်မတို့မောင်နှမများ၏ ရင်မှသောက မီးတောက်လေးများ ငြိမ်းပျောက်စေခဲ့ပါပြီ။ စေ့စပ် ဖြေရှင်းရေးအရာရှိ၊ ဖခင်မိခင်တို့က အသုံးပြုစကား လုံးကတော့ “ချစ်စရာကောင်းသော သားသမီးလေးများ မျက်နှာကိုကြည့်ပါတဲ့။” မှန်ပါတယ်။ ကျွန်မတို့ မောင်နှမသုံးဦး၏ မျက်နှာလေးများမှာ မိဘနှစ်ပါး အဆင်မပြေကြတိုင်း ညှိုးနွမ်းအားငယ်ခဲ့ရပေါင်းများ ခဲ့ပါပြီ။ ယခုလည်း မျှော်လင့်ခြင်းမျက်ဝန်းလေး သုံးစုံက စေ့စပ်ဖြေရှင်းရေးအောင်မြင်မှုကို ပံ့ပိုး ထောက်ကူမှုပြုနိုင်ခဲ့ပါပြီ။
စိတ်ပျက်အားငယ်မှုမှ ပျော်ရွှင်မှုသို့ ကူးပြောင်းခြင်း
စေ့စပ်ဖြေရှင်းရေးရုံးခန်းမှ အထွက်တွင် မိခင်ဖြစ်သူ၏ မဝံ့မရဲအပြုံး၊ ဖခင်ဖြစ်သူ၏ ခွင့်လွှတ်ပါဟူသော အကြည့်ကို တွေ့မြင်ရမှ ကျွန်မတို့ မောင်နှမ သုံးဦးမှာ သက်ပြင်းချနိုင်ကြကာ အပျော်ဘက်သို့ ကူးနိုင်ပါတော့သည်။ စေ့စပ်ဖြေရှင်းရေးတွင် သဘောတူညီမှုရရှိခဲ့၍ မေမေစွဲဆိုထားသော အမှုအား တရားရုံးသို့ သွားရောက်၍ အမှုရုပ်သိမ်း ခြင်းဖြင့် ပြီးဆုံးသွားပါတော့မည်။
နာရီစင် ကျောက်ဖြူလှေကားနှင့် အမှတ်တရများစွာ
စေ့စပ်ဖြေရှင်းရေးဌာနမှ ထွက်လျှင်ပင် ဖခင်ဖြစ်သူမှာ တစ်နှစ်တာနီးပါး မဆုံတွေ့ရသော သားသမီးများကို ပွေ့ဖက်နမ်းရှုပ်ရင်း နာရီစင်အောက် ပုဏ္ဏားရိပ်ပင်တန်းမှ မဟာဗန္ဓုလပန်းခြံလမ်းဘက်သို့ လျှောက်လာခဲ့ပါသည်။ မိခင်နှင့် ဖခင်တို့ မင်္ဂလာဆောင်သည်မှ ယနေ့ဆိုလျှင် တိုက်တိုက်ဆိုင်ဆိုင် ၂၂ နှစ်ပြည့်မြောက်ပြီဟု အမှတ်တရ စကားများပြောကာ မိသားစု ပျော်ရွှင်ကြည်နူးစွာဖြင့် အဖေနှင့် အမေတို့ မင်္ဂလာဆောင်စဉ်က အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ရာ ကျောက်ဖြူလှေကားထစ်များ တွင် မိသားစုအမှတ်တရ ဓာတ်ပုံရိုက်ကြပါသည်။
ပြီးပြည့်စုံသော တရားမျှတမှု ဆောင်ကြဉ်းပေးခြင်း
နှစ်ပေါင်းတစ်ရာကျော် မြန်မာ့တရားစီရင်ရေး၏ ပြယုဂ်အဖြစ် တရားမျှတမှု၏ပုံရိပ်အဖြစ် ရပ်တည်ခဲ့ရာ မင်္ဂလာစုံတွဲများကို သစ္စာခိုင်မြဲအသရေတိုး၍ ချစ်သက် ၁၂၀ မကတိုင် ရှည်ကြာပါစေကြောင်း သက်သေပြုခဲ့ရာ ကျောက်လှေကားကြီးနှင့် နာရီစင် ကြီးတို့က သက်သေအဖြစ်ရပ်တည်ခဲ့ကြပြီးပါပြီ။
ဆူးလေစေတီတော်နှင့် မဟာဗန္ဓုလပန်းခြံတို့ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးနှင့်အတူ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်ခြင်းကလည်း ကျွန်မတို့ မိသားစုအတွက် ပြီးပြည့်စုံသော တရားမျှတခြင်းကို ဆောင်ကြဉ်းပေးခဲ့ပါပြီ။ ။