ရန်ကုန် မေ ၁၀
မြန်မာလူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်သည် မေ ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် မလေးရှားစူပါလိဂ်ပွဲစဉ်ဖြစ်သော ပီရတ်အသင်းနှင့် ဆရီပါဟန်းအသင်းတို့ပွဲတွင် ဆရီပါဟန်းအသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သည်။
မေ ၅ ရက်တွင် ဆရီပါဟန်းအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် အောင်ကောင်းမာန်သည် လေးရက်အကြာ မေ ၉ ရက်က ကစားသည့် ပီရတ်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဂိုးပါ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အောင်ကောင်းမာန်သည် ပွဲချိန် ၃၄ မိနစ်တွင် ပင်နယ်တီဧရိယာအတွင်းရရှိသည့် အခွင့်အရေး ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။ ဆရီပါဟန်းအသင်းသည် ယင်းပွဲတွင် ပီရတ်အသင်းကို အဝေးကွင်း၌ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇယားအောက်ပိုင်းမှ အဆင့် ၉ နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။
အောင်ကောင်းမာန်သည် ဆရီပါဟန်းအသင်းနှင့် ရာသီဝက်စာချုပ်ချုပ်ဆို ထားခြင်းဖြစ်သည်။ မလေးရှားစူပါလိဂ်တွင် မြန်မာကစားသမားနှစ်ဦး ပါဝင် ကစားလျက်ရှိပြီး မြန်မာလူငယ် တောင်ပံ ကစားသမားဖြစ်သူဟိန်းထက်အောင်မှာလည်း မေ ၉ ရက်က ကစားသည့် ဆီလန်ဂေါအသင်းနှင့် တီရန်ဂါနူးအသင်း ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့သည်။ ဆီလန်ဂေါအသင်းနှင့် သုံးနှစ်စာချုပ် ထားသည့် ဟိန်းထက်အောင်သည် ယခုရာသီတွင် မလေးရှားစူပါလိဂ်၌ ကစားနေသည့်ဆီလန်ဂေါ (က) အသင်း၊ မလေးရှားပရီးမီးယားလိဂ်၌ ကစားနေသည့် ဆီလန်ဂေါ (ခ) အသင်း နှစ်သင်း စလုံး၌ ကစားနေရပြီး နောက်ပိုင်းပွဲများတွင် (က) အသင်းအတွက် ဆက်တိုက် ကစားနေရသည်။ ဟိန်းထက်အောင်သည် မေ ၅ ရက်က ကစားသည့် ဆရီပါဟန်း အသင်းနှင့် မလေးရှားစူပါလိဂ်ပွဲတွင် ဆီလန်ဂေါ (က) အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သလို ယခု ရာသီတွင် ဆီလန်ဂေါ(ခ) အသင်းအတွက်လည်း ဂိုးများ သွင်းယူ ထားနိုင်သည်။ မလေးရှားစူပါလိဂ်ပြိုင်ပွဲကို မလေးရှားလက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကြောင့် နှစ်လကြာရပ်နားမည်ဖြစ်ပြီး ဇူလိုင် ၉ ရက်မှ ပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ- မလေးရှားစူပါလိဂ်


