ပီရူးနိုင်ငံ ရွှေသတ္တုတွင်းမီးလောင်မှုကြောင့် သတ္တုတွင်းလုပ်သားအများအပြားသေဆုံး

မေ ၈

ပီရူးနိုင်ငံတောင်ပိုင်း ရွှေသတ္တုတွင်းတစ်တွင်းတွင် မေလ ၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းလုပ်သား အများအပြားသေဆုံးခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။

မေလ ၆ ရက်ကထုတ်ပြန်သော ဒေသတွင်းအစိုးရအဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကားပြီးမီဒီယာတွင် ဖော်ပြချက်များအရ သတ္တုတွင်းလုပ်သား ၂၇ ဦး သေဆုံးဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါသတ္တုတွင်းကို ဖုန်းဖြင့်ဆက်သွယ်မရသဖြင့် သေဆုံးသူဦးရေကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ လျှပ်စီးပတ်လမ်းပြတ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

ထိုမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာတင်ကားများကို ပြင်ဆင်ထားသည်။

ရွှေတွင်းမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး မီးငြှိမ်းသတ်နိုင်ခြင်း ရှိ၊ မရှိ မသိရှိရသေးချေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို